“အဖွဲ့ချုပ်ကို တိုက်ခိုက်သောအားဖြင့် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို မတူဘူးဆိုပြီး တော့ ဝါဒ ဖြန့်ချိကြပါတယ်။ တကယ်တော့ ပါတီနိုင်ငံရေး ဆိုတာဟာ လက်တွေ့ကျကျ လုပ်တဲ့ နိုင်ငံရေးပါပဲ ကိုယ်ကနေပြီးတော့ အာဏာကိုင်ထားလို့ ကိုယ့်ကိုယ်ကို အမျိုးသားနိုင်ငံရေး လုပ်ပါ တယ်လို့ သတ်မှတ်လို့ မရပါဘူး။ ပြည်သူမပေးတဲ့ အာဏာကို ကိုင်ထားတာဟာ ဘာမှ အမျိုးသား နိုင်ငံရေးနဲ့ မဆိုင်ပါဘူး”ဟု အောက်တိုဘာ ၂၁ ရက်နေ့၊ ရှမ်းပြည်နယ် လားရှိုးသို့ ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တိုက်ဆိုင်စွာပင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော် တိုင်းစစ်ဌာနချုပ် တပ်အရာရှိများနှင့် အောက်တိုဘာ ၂၀ ရက်က တွေ့ဆုံရာတွင် အမျိုးသား နိုင်ငံရေး နှင့် နိုင်ငံအရေး ကိစ္စရပ်များကို မှန်မှန်ကန်ကန် ထမ်းဆောင်ရန် တိုက်တွန်းခဲ့သည်။
“နိုင်ငံတော်နှင့် ပတ်သက်ပါက ပြည်သူသာအမိ ပြည်သူသာအဖ ဖြစ်သကဲ့သို့ တပ်မတော်သား တစ်ယောက်အနေဖြင့် တပ်မတော်သာအမိ တပ်မတော်သာ အဖအဖြစ် အားကိုးမှုရှိအောင် ဆောင် ရွက်ပေးနေသည်ကို သိရှိပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ အမျိုးသား နိုင်ငံရေးနှင့် နိုင်ငံ့အရေး ကိစ္စများတွင် မှန်မှန်ကန်ကန် တာဝန်ထမ်းဆောင်ကြရန်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ၏ တပ်အရာရှိများကို မှာကြားရာတွင် ရွေးကောက်ပွဲ မဲပေးရာ တွင် “တပ်မတော်အပေါ် စာနာ နားလည်မှုရှိသူ၊ အမျိုးဘာသာ သာသနာကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့အစည်း၊ နိုင်ငံခြားသားများ၏ တစ်နည်းနည်းအားဖြင့် လွှမ်းမိုးမှု မရှိသူများကို စဉ်းစားရွေးချယ်ရန်”လည်း တိုက်တွန်းခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အောက်တိုဘာ ၂၁ လားရှိုးမြို့ ပြောဆိုမှုတွင် “နိုင်ငံအတွက် ပြည်သူအတွက် ပူးပေါင်းဆောင်ရွက်မယ့်သူ ဘယ်သူ့မဆို ကျမတို့က လက်ကမ်းပြီးတော့ ကြိုဆိုမှာပါ။ အဲ့ဒီတော့ မကြောက်နေပါနဲ့”ဟု ပြောဆိုခဲ့သည်။







