အမျိုးသမီးအခွင့်အရေး တန်းတူညီမျှရဖို့ ဥပဒေများ တင်သွင်းရန်လိုနေဟု ဒေါ်ညိုညိုသင်း ထောက်ပြ

အမျိုးသမီးအခွင့်အရေး တန်းတူညီမျှရဖို့ ဥပဒေများ တင်သွင်းရန်လိုနေဟု ဒေါ်ညိုညိုသင်း ထောက်ပြ
by -
မဇ္ဈိမ
အမျိုးသမီးများ အခွင့်အရေး တန်းတူညီမျှ ရရှိရန်အတွက် ဥပဒေများကို လွှတ်တော်သို့ တင်သွင်းရန် လိုအပ်နေသည် ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။ “နိုင်ငံရေးနဲ့ လူမှုရေးတွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့နေ ရာမှာ ပါဖို့မဖြစ်မနေ ရေးဆွဲပေးရမယ်”ဟု ၎င်းက ပြောသည်။ ဒဂုံစီးတီး စီမံကိန်း၊ ရန်ကုန်မြို့သစ် စီမံကိန်း၊ ကျိုက္ကဆံကွင်း စီမံကိန်း အစရှိသည့် စီမံကိန်းများ အတွက် လွှတ်တော်သို့ အဆိုများတင်သွင်းကာ တားဆီးနိုင်ရေး ကြိုးပမ်းခဲ့သူလည်း ဖြစ်သည့် လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အမျိုးသမီးဆိုလျင် ကိုယ်ဝန်ဆောင် မိခင်မှသာ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရသလို ဖြစ်နေကြောင်း မိခင်မဟုတ်သည့် အမျိုးသမီးများ အနေဖြင့် နိုင်ငံတော်၏ ကာကွယ် စောင့်ရှောက်မှုကို မရသလိုဖြစ်နေ၍ နိုင်ငံတော် အခြေခံမူကိုပင် အမျိုးသမီးများအခွင့်အရေးနှင့် ပက်သက်ပြီး ပြင်စရာတွေ အများကြီး ရှိနေသေးသည်ဟု ပြောသည်။ “နောက်တစ်ခုကတော့ ကျေးလက်မှာနေတဲ့ အမျိုးသမီးတွေအတွက် နိုင်ငံတော်က ကာကွယ် စောင့်ရှောက်ရမယ်။ နိုင်ငံတော်က တာဝန်ယူရမယ်။ အနည်းဆုံးတော့ ကျေးလက်မှာနေတဲ့ အမျိုးသမီးငယ်တွေရဲ့ ပညာရေး အထက်တန်း ပြီးဆုံးသည်အထိ နိုင်ငံတော်က အခမဲ့ တာဝန်ယူရ မယ်။ နောက်တစ်ခုက အိမ်တွင်း အကြမ်းဖက်မှုကို ကာကွယ်တဲ့ ဥပဒေ။ အာဆီယံ ၁၁ နိုင်ငံမှာ ၁၀ နိုင်ငံက ဒီဥပဒေကို လုပ်ပြီးပြီ။ ကျွန်မတို့ တစ်နိုင်ငံပဲ မလုပ်ရသေးတာ။ ဒါလည်း မဖြစ်မနေ လုပ်ရမယ့် ဥပဒေပါပဲ။ လုပ်ရမယ့် ဥပဒေတွေကတော့ အများကြီးပါပဲ”ဟု ၎င်းက ဆိုသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ မြောက်ဒဂုံမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ၀င်ရောက်ရွေးချယ်ခံမည့် ဒေါ်ဇာခြည်လင်းကလည်း ကျေးလက်နေ အများစုသည် ပညာသင်ကြားရင်း အချိန်တန်လျှင် လုပ်ငန်းခွင်ဝင်ကြ၍ လုပ်ငန်းခွင်ကို ကြိုပြီးဝင်နိုင်ရန် အစီအစဉ်များ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆောင်ရွက်နိုင်မည့် ဥပဒေပြုရေး ကိစ္စများကို ထပ်တိုးဆောင်ရွက်ရန် လိုကြောင်း ထောက်ပြသည်။ “အမျိုးသမီးတွေ၊ အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှုဟာ ဒီထက်ပိုပြီး ဆောင်ရွက်ရဦးမယ့် အပိုင်းတွေ ဖြစ်တယ်။ နောက်တစ်ခုက သက်ကြီးအမျိုးသမီးတွေအတွက် ထိုက်သင့်တဲ့ စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးရမယ်”ဟု ဒေါ်ဇာခြည်လင်းက ပြောသည်။ နိုင်ငံတော်၏ ဒေသဖွံ့ဖြိုးရေး အစီအစဉ်များတွင် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များအပြင် အမျိုးသမီး ဖွံ့ဖြိုးရေး အစီအစဉ်များပါသည့် ဥပဒေမျိုးပြဌာန်းနိုင်မည်ဆိုလျှင် တက်ညီလက်ညီ ဟန်ချက်ညီသည့် ဖွံ့ဖြိုးရေးကို ရောက်လာမည်ဟုထင်ကြောင်း Free Thinker အဖွဲ့မှ ဒေါ်သိန္နီဦးက ပြောသည်။ အစိုးရအနေဖြင့် ၁၉၉၇ ခုနှစ်တွင် သဘောတူလတ်မှတ်ထိုးထားသည့် အမျိုးသမီးများ အခွင့်အရေး ဆိုင်ရာ စာချုပ် စီဒေါအပိုဒ် ၂ တွင် ဥပဒေ၊ မူဝါဒဆိုင်ရာ တိုင်းတာချက် များမှတဆင့် ခွဲဲခြားဆက်ဆံမှု ဖျက်သိမ်းခြင်းကို ပြဌာန်းထားသည်။
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...