ပြည်ပနိုင်ငံခြားသားများ လွှမ်းမိုးမှု မရှိသူကိုသာ မဲပေးကြရန် ကာကွယ်ရေး ဦးစီးချုပ်ညွှန်ကြား

ပြည်ပနိုင်ငံခြားသားများ လွှမ်းမိုးမှု မရှိသူကိုသာ မဲပေးကြရန် ကာကွယ်ရေး ဦးစီးချုပ်ညွှန်ကြား
by -
မဇ္ဈိမ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တိုင်း စစ်ဌာနချုပ် တပ်အရာရှိများနှင့် အောက်တိုဘာ ၂၀ ရက်နေ့က တွေ့ဆုံရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ပြီး နိုင်ငံခြားသား လွှမ်းမိုးမှု မရှိသူကိုသာ မဲပေးကြရန် သူ၏ အရာရှိများသို့ ညွှန်ကြားထားသည်။

“တပ်မတော်အပေါ် စာနာ နားလည်မှုရှိသူ၊ အမျိုးဘာသာ သာသနာကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့အစည်း၊ နိုင်ငံခြားသားများ၏ တစ်နည်းနည်းအားဖြင့် လွှမ်းမိုးမှု မရှိသူများကို စဉ်းစားရွေးချယ်ရန် အကြံပြုလိုကြောင်း” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ညွှန်ကြားခဲ့သည်။

အလားတူ တပ်မတော်သားများ မဲပေးရမည်သူသည် တပ်မတော်အပါ် နားလည်သူဖြစ်ရန်နှင့် အမျိုးဘာသာ သာသနာကို စောင့်ရှာက်သူ ဖြစ်ရန်လည်း လိုသည်ဟု ဆိုခဲ့သည်။

“ပြည်သူ့ကိုယ်စား လှယ်များအား လူရွေးမမှားရန် လိုအပ်ကြောင်း၊ တပ်မတော်သား မိသားစုများ အနေဖြင့်လည်း မဲဆန္ဒပေးရွေးချယ်ရာတွင် နိုင်ငံနှင့်ဒေသကို အကျိုးပြုမည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင် ၄ မြင်ရှိသူ၊ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက် နိုင်သူ၊ တပ်မတော်အပေါ်စာနာ နားလည်မှုရှိသူ”ဟုလည်း ကာကွယ်ရေး ဦးစီးချုပ်က ထည့်သွင်း ပြောဆိုသွားခဲ့သည်။

၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်များတွင် ယိုယွင်းနေသည့် တိုင်းပြည် အခြေအနေများကြောင့် အာဏာသိမ်းခဲ့သည်များကို ပြောဆိုခဲ့ပြီး အစဉ်အလာ ကောင်းခဲ့သည့် တပ်မတော်ဟုလည်း ဆိုခဲ့သည်။ “တပ်မတော်၏ ရှိခဲ့ပြီးသား ကောင်းမွန်သည့်အစဉ်အလာများ ပိုကောင်းသည်ထက် ကောင်းအောင်၊ ပြည်သူလူထုမှ တပ်မတော်အပေါ် ပိုမိုယုံကြည်အားကိုး လာအောင် လုပ်ဆောင်ရန် တာဝန်ရှိကြောင်း” ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

အလားတူ “နိုင်ငံတော်နှင့် ပတ်သက်ပါက ပြည်သူသာအမိ ပြည်သူသာအဖ ဖြစ်သကဲ့သို့ တပ်မတော်သား တစ်ယောက်အနေဖြင့် တပ်မတော်သာအမိ တပ်မတော်သာ အဖအဖြစ် အားကိုးမှုရှိအောင် ဆောင်ရွက်ပေးနေသည်ကို သိရှိပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ အမျိုးသား နိုင်ငံရေးနှင့် နိုင်ငံ့အရေး ကိစ္စများတွင် မှန်မှန်ကန်ကန် တာဝန်ထမ်းဆောင်ကြရန်” ဟုလည်း တိုက်တွန်းခဲ့သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...