တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် အကောင်အထည်ဖော်သည့် ဒုတိယအကြိမ် အစည်းအဝေး နိုဝင်ဘာ လလယ်တွင် လုပ်မည်

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် အကောင်အထည်ဖော်သည့် ဒုတိယအကြိမ် အစည်းအဝေး နိုဝင်ဘာ လလယ်တွင် လုပ်မည်
by -
မဇ္ဈိမ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်း အစည်းအဝေး (JICM) ပထမအကြိမ် အစည်းအဝေးအပြီးတွင် ဒုတိယအကြိမ် အစည်းအဝေးကို နိုဝင်ဘာ လလယ်တွင် ကျင်းပရန် သဘောတူညီကြောင်း နှစ်ဖက်ပူးတွဲ ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို ပထမအကြိမ် အစည်းအဝေးအပြီးတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက နှစ်ဖက်ခေါင်းဆောင်များ၊ မီဒီယာများ ရှေ့မှောက်တွင် ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

သဘောတူညီချက်တွင် ဒုတိယအကြိမ် JICM အစည်းအဝေးကို နိုဝင်ဘာလ လလယ်ပိုင်းတွင် ထပ်မံကျင်းပရန် သဘောတူခဲ့ကြပြီး NCA စာချုပ်ပါ သဘောတူညီချက်များ နှင့်အညီ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟူသည့် အချက်အပါအဝင် ငါးချက် ပါသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် အစည်းအဝေးအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ကို ဖွဲ့စည်းခဲ့ပြီး UPDJC၏ လုပ်ပိုင်ခွင့်အာဏာ နှင့် ဖွဲ့စည်းမှု ပုံသဏ္ဍန်ကို ဆွေးနွေးသဘောတူညီနိုင်ခဲ့သည်။

ယင်း UPDJC ကော်မတီတွင် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဒု-ဥက္ကဋ္ဌအဖြစ် အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဘက်က KNU မှ ဖဒိုကွယ်ထူးဝင်းက ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံရေးပါတီများ အတွက် တစ်နေရာစာ ချန်ပေးထားကာ အတွင်းရေးမှူးများအဖြစ် အစိုးရဘက်က ဦးလှမောင်ရွှေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းဘက်မှ ဒေါက်တာဆလိုင်းလျန်မှုန်း နှင့် နိုင်ငံရေးပါတီဘက်မှ တစ်ဦးတို့က တာဝန်ယူဆောင်ရွက်မည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက မီဒီယာများကို ရှင်းပြသည်။

ယင်းအပြင် JMC ဟု ခေါ်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ အနေဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့ နှင့် ၃၀ရက်တို့တွင် ပြန်လည်တွေ့ဆုံမည်ဖြစ်ပြီး ယင်းကော်မတီတွင် အစိုးရဘက်မှ ဗိုလ်မှူးကြီး ကျော်စိုးဝင်း နှင့် ဒေါက်တာ မင်းဇော်ဦးတို့က ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဘက်မှ ဖဒိုသာထိုမှူး နှင့် ဒေါက်တာရွှေခါးရ် တို့က ဆောင်ရွက်မည်ဟု သိရသည်။

"NCAကို ကျွန်တော်တို့ ထိုးပြီးတဲ့နောက်ပိုင်း လက်တွေ့အကောင်အထည် မဖော်နိုင်ရင်ဘဲ ပြည်သူ လူထုကြားမှာ သံသယလည်း ရှိနိုင်တယ်။ အမျိုးမျိုးဖြစ်နိုင်တဲ့အချိန်မှာ ကျွန်တော်တို့ လုပ်သင့် လုပ်ထိုက်တဲ့ NCA ရဲ့ အစီအစဉ်များကို ဆက်လက် လုပ်ကိုင်ခြင်းအားဖြင့် JICM ကို ခေါ်ယူနိုင်ခြင်း ဖြစ်ပါတယ်"ဟု ချင်းအမျိုးသားတပ်ဦး (CNF)ဥက္ကဋ္ဌ ပူးနန်လျန်ထန်းက အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ယင်းကော်မတီများ၏ လုပ်ငန်းစဉ် နှင့် ပါဝင်မည့်သူ အသေးစိတ်ကို နိုဝင်ဘာလလယ်တွင် ကျင်းပမည့် UPDJC အစည်းအဝေးတွင် ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားသည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

အောက်တိုဘာ ၁၆ရက် နှင့် ၁၇ရက် နှစ်ရက်တာ နေပြည်တော်ရှိ Hotel Max တွင် ကျင်းပခဲ့သည့် JICM အစည်းအဝေးတွင် အပစ်ရပ်လက်မှတ်မထိုးနိုင်သေးသည့် အဖွဲ့များအတွက်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပူးပေါင်းပါဝင်နိုင်ရေးအတွက် နှစ်ဘက်ကြိုးပမ်းရန်လည်း သဘောတူခဲ့သေးသည်။

အစည်းအဝေးကို ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဖွင့်လှစ်ပေးခဲ့ပြီး အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ကာ၊ တပ်မတော်မှ ဗိုလ်မှူးကြီးများ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားများ ဘက်က အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...