"နိုင်ငံပိုင် တီဗီတွေမှာ နိုင်ငံရေးပါတီတွေကို ဖော်ပြတာနည်းတယ်။ အစိုးရရဲ့ ခရီးစဉ်တွေ၊ အောင်မြင်မှု တွေ၊ ပြီးမြောက်မှုတွေ ဖော်ပြတာများတယ်။ အတိုက်အခံဖက်က အမြင်တွေဖော်ပြတာ မတွေ့ရဘူး။ ပုဂ္ဂလိက မီဒီတွေမှာက NLD အကြောင်းဖော်ပြတာ ပိုများနေတယ်။"ဟု MID အဖွဲ့ ဒါရိုက်တာ ဦးမျိုးမင်းဇော်က အောက်တိုဘာ ၁၆ရက်က ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း မီဒီယာများက အမတ်လောင်းများ၏ သတင်းများ တင်ဆက်ဖော်ပြမှုကို လေ့လာစောင့်ကြည့်ခြင်း ပထမအကြိမ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးမော်ဇင်က MID အဖွဲ့အနေဖြင့် ရုပ်မြင်သံကြား ၅ လိုင်း၊ ရေဒီယို ၅ လိုင်း၊ သတင်းစာ ရ စောင်နှင့် ဒစ်ဂျစ်တယ်အွန်လိုင်းသတင်းစာ ၃ခုတို့၏ သတင်းနှင့် မျက်မှောက် ခေတ်အရေး တင်ပြရာတွင် နိုင်ငံရေး စုံလင်ကွဲပြားနေမှု၊ တိကျမှန်ကန်မှု၊ ဘက်ညီမှုတို့ကို လုပ်ငန်း ကျင့်ဝတ် စံနှုန်းများနှင့် ညီညွတ်သော ရှုထောင့်စုံသော ဓမ္မဓိဋ္ဌာန်ကျသော ဆန်းစစ်လေ့လာမှု ပြုလုပ်ရန် ယခုစောင့်ကြည့်ရေး လုပ်ငန်းစဉ်ကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားသည်။
ရက်ပေါင်း ၂၀ လေ့လာမှုတွင် MRTV သတင်းထုတ်လွှင့်မှု အစီအစဉ်၏ ၃၈.၁ ရာခိုင်နှုန်းမှာ အစိုးရ အဖွဲ့ဝင်များ၊ ၃၆ ရာခိုင်နှုန်းမှာ နိုင်ငံတော်သမ္မတ၊ ၁၃.၆ ရာခိုင်နှုန်းမှာ ဒုတိယသမ္မတ၊ ၉.၈ ရာခိုင်နှုန်း မှာ တပ်မတော်အကြောင်း ထုတ်လွှင့်ခဲ့ပြီး NLD ပါတီအကြောင်း ထုတ်လွှင့်မှုမှာ ၀.၁ ရာခိုင်နှုန်းသာ ထုတ်လွှင့်ခဲ့ပြီး၊ တပ်မတော်ပိုင် မြဝတီ ရုပ်သံလိုင်းမှာ တပ်မတော် ဆောင်ရွက်ချက်များကို အစီအစဉ်၏ ၅၉.၉ ရာခိုင်နှုန်း ဖော်ပြပြီး အတိုက်ခံများ၏ အကြောင်းကိုမှု ထုတ်လွှင့် ဖော်ပြခြင်းမရှိဟု ၎င်းကဆိုသည်။
ရေဒီယိုအစီအစဉ်မှာ နိုင်ငံပိုင်နှင့် ချယ်ရီ FM၊ စီးတီးFM၊ မန္တလေးFM၊ ရွှေFM အသံလွှင့်ဌာနများက နိုင်ငံတော် အကြီးအကဲများ၏ ဆောင်ရွက်ချက်များကိုသာ ထုတ်လွှင့်ကြပြီး ဘီဘီစီ မြန်မာပိုင်းက ဘက်မျှသည့် တင်ဆက်မှုများ ထုတ်လွှင့်သည်ဟု စစ်တမ်းက ဖော်ပြသည်။
နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာက မည်သည့်နိုင်ငံရေးပါတီကိုမှ ၂.၆ ရာခိုင်နှုန်းထက်ပိုပြီး ဖော်ပြခြင်းမရှိ ဘဲ၊ လေ့လာစောင့်ကြည့်သည့် နေ့စဉ်သတင်းစာ Eleven news, 7 Days, Voice, Messenger နှင့် Democracy Today ငါးစောင်က ရွေးကောက်ပွဲသတင်းကို အဓိက ဖော်ပြသည်ဟု ဆိုသည်။
အင်တာနက်သတင်းစာ ဖြစ်သော Eleven news က NLD ပါတီအကြောင်းကို အများဆုံးဖော်ပြပြီး မဇ္ဈိမ နှင့် ဧရာဝတီက နိုင်ငံရေးပါတီအမျိုးမျိုးအကြောင်းကို ဖော်ပြကြသည်ဟု ၎င်းစစ်တမ်းတွင် ဖော်ပြပါရှိသည်။
ဦးမော်ဇင်က MID အဖွဲ့၏ လေ့လာစောင့်ကြည့်မှုများကို MEMO 98 နည်းစနစ်ဖြင့် အကြောင်းအရာ ပါဝင်မှု (content-oriented ) အား အသုံးပြုပြီး စစ်ဆေးနှိုင်းယှဉ် လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
MID အဖွဲ့ကို Democracy Reporting International နှင့် National Endowment for Democracy အဖွဲ့က ပံ့ပိုးကူညီပေးခြင်းဖြစ်သည်။







