ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးဖြစ်၍ ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံရေးမူဘောင် ဆွေးနွေး ပွဲတစ်ခုအပြီးသတ်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရာတွင် ညီညီညွတ်ညွတ်ဖြင့် ညှိနှိုင်းဆောင်ရွက်ကြရန်လည်း အမေရိကန်အစိုးရက တိုက်တွန်းသည်။
NCA လက်မှတ်ရေးထိုးသူအားလုံးသည် စာချုပ်ပါစာသားနှင့် အနှစ်သာရတို့ကို လိုက်နာကြပါရန်လည်း တိုက်တွန်းထားပြီး စာချုပ် လက်မှတ်ရေးထိုးသည့်အဖွဲ့ကဖြစ်စေ၊ လက်မှတ်မရေးထိုးသည့် အဖွဲ့ကဖြစ်စေ စစ်ရေးအရ ပြုမှုခြင်းများသည် ရေရှည်ငြိမ်းခြမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ လုံခြံုရေးကို ထိခိုက်စေနိုင်သည်ဟု ထုတ်ပြန်ချက်က ထောက်ပြထားသည်။
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ပြီး တရားမျှတသော ငြိမ်းရေးတည်ဆောင်မှု ရေရှည်လုပ်ငန်းစဉ်၏ အရေးကြီးသော ခြေလှမ်းဖြစ်သည့် NCA လက်မှတ်ရေးထိုးနိုင်ခြင်းအား အောက်တိုဘာ ၁၅ ရက်နေ့၌ ဆောင်ရွက်နိုင်သည်ကို ချီးကျူးကြောင်း ထည့်သွင်းဖော်ပြထားသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုအားကောင်းစွာ ဖော်ဆောင်နိုင်ရေးအတွက် လက်မှတ်မရေးထိုးသေးသည့် အဖွဲ့အစည်းများနှင့် အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးသွားရန်လည်း မြန်မာအစိုးရအား အမေရိကန်က တိုက်တွန်းသည်။
ကချင်နှင့် ရှမ်းပြည်နယ်များတွင် ထိုးစစ်များဆင်နွှဲနေသဖြင့် ထိုဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်း ကျော်ထံ အထောက်အပံ့အကူအညီများ ခြွင်းချက်မရှိ၊ နှောင့်နှေးခြင်း မရှိစေဘဲ အနှောင်အဖွဲ့ကင်းကင်းဖြင့် ရောက်ရှိစေရန် သက်ဆိုင်သူအားလုံး ကြိုးပမ်းဆောင်ရွက် ကြရန်ကိုလည်း အလေးအနက်တိုက်တွန်းထားသည်။
သက်ဆိုင်သူများအကြား သဘောတူညီချက်များ၊ NCA စာချုပ်၊ တည်ဆဲအပစ်ရပ်စဲမှုများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့် ကူညီနေမည်ဖြစ်ပြီး ရှေ့လာမည့် လ၊ နှစ် များအတွင်း ဆက်လက် ၍လည်း မြန်မာနိုင်ငံ၏ သမိုင်းဝင်ငြိမ်းချမ်းရေး တည်ဆောင်မှုလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်သွားမည်ဟု အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်က ဖော်ပြထားသည်။







