YPPP အဖွဲ့က NCA လက်မှတ်မရေးထိုးသေးသည့်အဖွဲ့များအား စစ်ရေးအာမခံချက်ပေးရန် တောင်းဆို

YPPP အဖွဲ့က NCA လက်မှတ်မရေးထိုးသေးသည့်အဖွဲ့များအား စစ်ရေးအာမခံချက်ပေးရန် တောင်းဆို
by -
မဇ္ဈိမ
လူငယ်အဖွဲ့အစည်း ၁၄ ခု စုဖွဲ့ထားသော Youth Participation in Peace Process Working Committee (YPPP) အဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ဆိုင်ရာပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး NCA လက်မှတ်ထိုးခြင်း မပြုသည့်အဖွဲ့များအား စစ်ရေးအာမခံချက်များပေးရန် တောင်းဆိုလိုက်သည်။

''မနက်ဖြန်လက်မှတ်ထိုးပြီးရင် နှစ်ဖက်စလုံး ကတိကဝတ်တွေကို ဘယ်လောက်လိုက်နာသလဲဆိုတာ ကျွန်တော်တို့အဖွဲ့ စောင့်ကြည့်မှာဖြစ်သလိိုု ပြည်သူတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေကလည်း စောင့်ကြည့်ရမယ််။ လက်မှတ်မထိုးတဲ့အဖွဲ့တွေကို တပ်မတော်က တိုက်ခိုက်တာတွေ အခြားသော မတရားတာတွေ မလုပ်ဖို့လိုတယ််။'' ဟု YPPP အဖွဲ့မှ ကိုစောထွန်းထွန်းက အောက်တိုဘာ ၁၄ ရက် နေ့က လှိုင်မြို့နယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီး မဇ္စျိမသို့ ပြောသည်။

ငြိမ်းချမ်းရေးတွင် လူငယ်များ ပါဝင်မှုအခန်းကဏ္ဍ လုပ်ငန်းကော်မတီ (ယာယီ) YPPP အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်အဖွဲ့ ၁၈ ဖွဲ့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် လူငယ်အဖွဲ့ ၁၄ ဖွဲ့ဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များပါ၀င်မှု အခန်းကဏ္ဍကို ဆက်လက် ဆောင်ရွက်လျှက်ရှိသည်။

လက်မှတ်ရေးထိုးသောအဖွဲ့များအနေဖြင့် ကတိကဝတ်ကို လေးစားလိုက်နာပြီး ဆက်လက် အကောင်အထည်ဖော်ရန်၊ အားလုံးပါ၀င်ရေးမှုကို ဆုပ်ကိုင်ထားသည့်အတွက် လက်တွေ့အကောင် အထည်ဖော်ကြရန်နှင့် တိုင်းရင်းသားဒေသများတွင် ပြဿနာများကို စစ်ရေးဖြင့် မဖြေရှင်းဘဲ ညှိနှိုင်းဆောင်ရွက်အဖြေရှာရန် လိုအပ်သည်ဟု ဆက်လက်ပြောကြားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ကို သတင်းမီဒီယာများမှတဆင့် ဖော်ပြကြသည်။

အောက်တိုဘာ ၁၅ ၌ NCA လက်မှတ်ရေးထိုးမှုတွင် အားလုံးမပါသဖြင့် ရေရှည်ခိုင်မြဲရန်လိုအပ်သည့် ငြိမ်းချမ်းရေးအား အဟန့်အတား ဖြစ်လာမည်ကို စိုးရိမ်သည်ဟု YPPP အဖွဲ့က ပြောဆိုသည်။

''ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လူငယ်တွေ ပါ၀င်လေ့လာနိုင်ဖို့ UPWC နဲ့ NCCT ကို သုံးကြိမ် တောင်းဆိုခဲ့ပါတယ်။ အစက ဦးအောင်မင်းက လူငယ်နှစ်ဦး လေ့လာခွင့်ပြုဖို့ နှုတ်ကတိပေးခဲ့ပါတယ်။ နောက်တော့ ခွင့်မပြုနိုင်တော့ဘူးဆိုပြီး အကြောင်းပြန်ပါတယ်။ တက်ရောက်ခွင့်မရပေမယ့် NCA ဆွေးနွေးမှုတွေကို တောက်လျှောက်လေ့လာသုံးသပ်မှုတွေလုပ်နေပါတယ်။''ဟု YPPP မှ မခင်စန္ဒာထွန်းကလည်း မဇ္စျိမသို့ ပြောသည်။

အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးခြင်းအပေါ် YPPP အနေဖြင့်လည်းကောင်း၊ လူငယ်များအနေဖြင့်လည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံးမှလည်းကောင်း မျှော်လင့်ထားသည့် အခြေအနေနှင့် ကိုက်ညီမှုမရှိဟု ရှုမြင်ကြောင်း YPPP က အောက်တိုဘာ ၁၃ ရက်နေ့စွဲဖြင့်လည်း ကြေညာချက်ထုတ်ပြန်ထားသေးသည်။

လက်မှတ်ရေးထိုးရန် ကျန်ရှိခဲ့သော လက်နက်ကိုင်အဖွဲ့များအတွက် စိုးရိမ်နေရသည့် အခြေအနေများ ကျော်ဖြတ်နိုင်ရန် နိုင်ငံရေး၊ လူမှုရေး၊ အထူးသဖြင့် စစ်ရေးအာမခံချက်များပေးရန်လိုအပ်သည်ဟု ၎င်းအဖွဲ့က ယူဆထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...