“ကောင်လေးအလောင်းကို ကုတင်(၁၀၀၀)ဆေးရုံမှာထားပြီး ကောင်မလေးကိုလည်း အဲ့ဒီဆေးရုံမှာပဲ ဆေးစစ်နေပါတယ်” ဟု ရဲတပ်ကြပ် အောင်ကျော်မိုးက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူများအား ဖမ်းမိရန် ရဲတပ်ဖွဲ့က ချိတ်ဆက်စုံစမ်းနေဆဲဖြစ်ကာ (ပ)အမှတ် ၉၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂၊ ၃၇၆ တို့ဖြင့် ဒက္ခိဏမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။
ဖြစ်စဉ်မှာ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာနေ ခင်ပွန်းဖြစ်သူ ချစ်နိုင်ဦးနှင့်အတူ နံနက် ၁နာရီအချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ Junction Center စျေးဝယ်စင်တာ အကျော်တွင် မော်တော်ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်စဉ် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူ(၄)ဦးက ခြိမ်းခြောက်ပြောဆိုကာ Junction Center နောက်ကြောရှိ သံတမန်အိမ်ရာ သွားရာလမ်းသို့ ခေါ်ဆောင်သွားသည်ဟု အဓမ္မပြုကျင့်ခံရသည်ဆိုသော အသက် ၁၆နှစ်အရွယ် အမျိုးသမီးက ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။
ယင်းနောက် သံတမန်အိမ်ရာ B လမ်း လမ်းသွယ်အရောက်တွင် ထိုလူ လေးဦးမှ ဆိုင်ကယ်အား တွန်းလှဲကာ ချစ်နိုင်ဦးအား ဓားဖြင့် ထိုးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် “ကျွန်မအား ကျန် လူ(၂)ဦးမှ ဆွဲခေါ်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြပါသည်။ ၎င်းနောက် ချစ်နိုင်ဦးကို ဓါးနှင့်ထိုးသူ(၂)ဦးမှာလည်း ကျွန်မအား သားမယားအဖြစ် ပြုကျင့်ပါသည်”ဟု အမျိုးသမီး၏ တိုင်ကြားစာတွင် ပါရှိသည်။
သေဆုံးသူ ချစ်နိုင်ဦးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်နား အထက်/အောက် ထိုးသွင်းဒဏ်ရာ(၂)ချက်၊ လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာ(၃)ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း ရဲစခန်းက အမှုဖွင့်ထားသည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။







