ပို့ဆောင်ရေးကဏ္ဍတိုးတက်ဖို့ စီစဉ်ထားပြီးသားဟု ဒုဝန်ကြီး ဦးဇင်ယော် မဲဆွယ်

ပို့ဆောင်ရေးကဏ္ဍတိုးတက်ဖို့ စီစဉ်ထားပြီးသားဟု ဒုဝန်ကြီး ဦးဇင်ယော် မဲဆွယ်
by -
မဇ္ဈိမ
ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက မဲဆန္ဒနယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးရုံသာမက နိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် တွက်ချက်ထားပြီးဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး လယ်ဝေးမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပို့ဆောင်ရေး ဒုဝန်ကြီး ဦးဇင်ယော်က မဲဆွယ်လိုက်သည်။

“ကျွန်တော့်အနေနဲ့ နိုင်ငံအတွက် ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေ၊ ရေကြောင်း ပို့ဆောင်ရေးတွေ၊ လေဆိပ်တွေ၊ လေကြောင်းပို့ဆောင်ရေးတွေ၊ ခရီးသည်မက ကုန်စည်ပါပေါ့။ လာမယ့် နှစ်ပေါင်းသုံးဆယ်နီးပါးအထိ တွက်ချက်ပြီးသားရှိပါတယ်”ဟု ဒုဝန်ကြီး ဦးဇင်ယော်က စက်တင်ဘာ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းက သတင်းထောက်အချို့ကို သူ၏ မူဝါဒနှင့်ပတ်သက်၍ ပြောခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက လယ်ဝေးမြို့နယ်အား နေပြည်တော် ၈မြို့နယ်အနက် ပိုမိုဖွံ့ဖြိုးတိုးတက်သည့် မြို့နယ်ဖြစ်အောင် လုပ်ဆောင်မည်ဟုလည်း ဦးဇင်ယော်က ဆိုသည်။

ဦးဇင်ယော်၏ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ကမ်းစာစောင်တွင် “ပြုပြင်ပြောင်းလဲမှု ဆက်လက်ဆောင်ရွက်မည်”ဟု ရေးသားထား သည်ကို တွေ့ရှိရသည်။

သို့သော် ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေသည်ဟု ကြွေးကြော်နေသည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးဇင်ယော်က “ပို့ဆောင်ရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်ဖို့ တော်တော်လေး လိုအပ်ပါတယ်”ဟု ဝန်ခံသည်။

အဆိုပါ ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ပို့ဆောင်ရေး Master Plan တစ်ခုကို ရေးဆွဲထားသည်ဟု လည်း ဦးဇင်ယော်က ပြောသည်။

ဒုတိယဝန်ကြီး ဦးဇင်ယော်သည် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉) တက်ရောက်ကာ ဗိုလ်မှူးချုပ် အဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူထားသူတစ်ဦးလည်း ဖြစ်သည်။ ၎င်း၏ ဇာတိမှာ လယ်ဝေး မြို့နယ်၊ မြွေရိုးကြီးကျေးရွာဖြစ်ပြီး ၎င်း၏ ဖခင်ဖြစ်သူ ယဉ်ကျေးမှုဝန်ကြီး(ငြိမ်း) ဦးအေးမောင်မှာလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် လယ်ဝေးမြို့နယ်၏ လွှတ်တော်အမတ်တစ်ဦး ဖြစ်သည်။

“ကိုယ့်ဇာတိဖြစ်တယ်၊ ကိုယ့်ရဲ့ နယ်မြေဖြစ်တယ်။ ဒီအချက်နှစ်ချက် ပေါင်းစပ်လိုက်လို့ရှိရင် ဒီနယ်ကို တကယ့် အစစ်အမှန်ဆောင်ရွက်မယ့် ပုဂ္ဂိုလ်အဖြစ် ယုံကြည်မယ်။ လက်ခံမယ်ဆိုရင် ဒါဟာ ကျွန်တော့်ရဲ့ အားသာချက်ပါပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိ မဲဆွယ်စည်းရုံးကာလတွင် ကြံုတွေ့ရသည့် အခက်အခဲအချို့ကိုလည်း ဦးဇင်ယော်က အောက်ပါအတိုင်း ပြောသည်။

“အခက်အခဲများစွာတော့ မတွေ့ရပါဘူး။ အခက်အခဲဆိုတာ ဒေသဖွံ့ဖြိုးမှုလိုအပ်နေလို့ သွားရလာရတဲ့ ခက်ခဲကြမ်းတမ်းမှုပဲ ရှိပါတယ်”ဟု သူက ဆိုသည်။

၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် လယ်ဝေးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးဇော်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးမောင်မောင်သောင်း၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါ်စုရည်ဖြိုးအောင်တို့အပြင် တသီးပုဂ္ဂလအဖြစ် ဦးမြင့်ဆွေတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...