အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုများ အဓိက ဖြေရှင်းမည်ဟု ပုဇွန်တောင်မှာ အင်န်အယ်လ်ဒီ မဲဆွယ်

အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုများ အဓိက ဖြေရှင်းမည်ဟု ပုဇွန်တောင်မှာ အင်န်အယ်လ်ဒီ မဲဆွယ်
by -
မဇ္ဈိမ
အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုများကို အဓိက ထားဖြေရှင်းသွားမည်ဟု ပုဇွန်တောင်မြို့နယ်အတွင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းများက စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီခွဲခန့်၌ မဲဆွယ်စည်းရုံးရေးခရီးအတွင်း မဇ္စျိမကို ပြောသည်။

“အစိုးရရဲ့ ဘတ်ဂျက်အသုံးငွေ၊ ရသုံးခန့်မှန်းခြေငွေစာရင်း အဲဒီစာရင်းနဲ့ အဂတိလိုက်စားမှု အဲဒီနှစ်ခုက ချိတ်နေတယ်။ ရငွေ၊ သုံးငွေ အသုံးစရိတ် အဲဒီဟာတွေနဲ့ တစ်ဘက်က အသုံးစရိတ်တွေ ကြားထဲမှာ လာဘ်ပေး လာဘ်ယူတွေ၊ အဂတိလိုက်စားမှုတွေ ရှိတယ်။ အဲဒါကို အဓိက ဖြေရှင်းမယ်” ဟု ပုဇွန်တောင်မြို့နယ် ပါဝင်သည့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၄ ကိုယ်စားလှယ်လောင်း ဦးသန်းစိုးက ဆိုသည်။

ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဗိုလ်တထောင်၊ ပုဇွန်တောင် ၅ မြို့နယ်သည် ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် ၄ အတွင်း ပါ၀င်သည်။ ပုဇွန်တောင်မြို့နယ်အတွင်း ရန်ကုန်တိုင်း အောင်နိုင်ရေးအဖွဲ့နှင့်အတူ ပုဇွန်တောင်မြို့နယ်အတွင်းမှ ပြည်သူ့လွှတ်တော်၊ တိုင်းလွှတ်တော်တို့ အတွက် NLD မှ ဝင်ရောက်ကြမည့် ကိုယ်စားလှယ်လောင်းများက ပူးပေါင်းကာ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ခြင်း ဖြစ်သည်။

“ဒီမိုကရေစီမှာ ပြည်သူ့အခွင့်အရေးက မဲပေးပိုင်ခွင့်ပဲ။ အဲဒီ မဲပေးပိုင်ခွင့်တိုင်းက ပြည်သူ့လက်ထဲမှာ ရှိပါတယ်။ အဲဒီအခွင့်အရေးအရ တစ်ယောက်ချင်းတိုင်း တစ်ယောက်ချင်းတိုင်းက ဒီမဲကို ပေးဖြစ်အောင် ပေးပါလို့ တောင်းဆိုပါတယ်” ဟုလည်း စက်တင်ဘာ ၂၇ ရက်တွင် NLD ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးခဲ့သည်။

NLD ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ့က သက်ဆိုင်ရာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ကိုယ်စားလှယ် လောင်းများနှင့် ပူးပေါင်းကာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာ ၁၀ ရက်မှစ၍ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ၊ အမျိုးသားနှင့် တိုင်းလွှတ်တော်များအတွက် NLD နှင့် ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၆ ခုမှ ကိုယ်စားလှယ်လောင်း ၁၇ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော်ကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက် ည ၁၂နာရီအထိ မဲဆွယ်စည်းရုံး ခွင့်ပြုထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...