ကိစ္စတစ်ခုကို မှန်မှန်ကန်ကန် ဆန်းစစ် သုံးသပ်နိုင်တာဟာ ပညာဖြစ်တာကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်ပါက ပညာသင်ရန်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်ပေးမည်ဖြစ်ကြောင်း ၎င်းက မဲဆွယ်လိုက်သည်။
မြန်မာနိုင်ငံတွင် ဘွဲ့ရ အလုပ်လက်မဲ့များနေသည်ဟု ဆိုသော်လည်း ဘွဲ့ရသူဦးရေသည် နိုင်င့ံလူဦးရေ ၏ ၄ ရာခိုင်နှုန်းသာရှိပြီး ၁၀ တန်းအောင်မြင်သူသည် နိုင်ငံ့လူဦးရေ၏ ၂၀ရာခိုင်နှုန်းသာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ခန္တီးမြို့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံး ဟောပြောပွဲသို့ မြို့ခံပြည်သူများ၊ နယ်ကျေးရွာဒေသအသီးသီးမှ ပြည်သူများ၊ ရှမ်းတိုင်းရင်းသားများ၊ နာဂတိုင်းရင်းသားပြည်သူ ၂၀,၀၀၀ခန့် တက်ရောက်ကြသည်။
၂၀၁၅ရွေးကောက်ပွဲ၌ ခန္တီးမြို့နယ်တွင် ပါတီ ၄ခုနင့် တစ်သီးပုဂ္ဂလ အပါအဝင် ကိုယ်စားလှယ်လောင်း ၁၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
ယင်းသို့ မဲဆွယ်စည်းရုံး ဟောပြောနိုင်ရန် ခရိုင်ရွေးကောက်ပွဲကော်မရှင် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ခွင့်ပြုသော်လည်း စစ်ကိုင်းတိုင်းအစိုးရကမူ ငြိုငြင်အပြစ်တင်မှု ရှိသည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီ ပြန်ကြားရေး ကိုအောင်ဆန်းမြင့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၃ နာရီတွင် ခန္တီးမြို့ မြသိန်းတန်ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမျှော်ခဲ့ပြီး စက်တင်ဘာ ၂၆ရက်တွင် ထမံသီ နှင့် ၂၇ရက်တွင် ဟုမ္မလင်းမြို့တို့၌ ဆက်လက် မဲဆွယ်မည် ဖြစ်သည်







