ရွေးကောက်ပွဲကာလ အစွန်းရောက်များ လှုံ့ဆော်နိုင်လို့ NLD ပြော

ရွေးကောက်ပွဲကာလ အစွန်းရောက်များ လှုံ့ဆော်နိုင်လို့ NLD ပြော
by -
မဇ္ဈိမ
မျိုးစောင့်ဥပဒေဟု လူသိများသည့် ဘာသာရေးဆိုင်ရာဥပဒေများကို မထောက်ခံသည့် NLD ပါတီကို မဲမပေးရန် လက်ရှိရွေးကောက်ပွဲအကြိုကာလတွင်ပင် ပြောဆိုဟောပြောမှုများရှိနေပြီး မကြာခင် ရောက်ရှိလာတော့မည့် ရွေးကောက်ပွဲကာလတွင် အစွန်းရောက်များ အကြမ်းဖက်လာမည်ကို အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က စိုးရိမ်လျက်ရှိသည်။

“အင်န်အယ်လ်ဒီပါတီက ဘာသာရေးဆိုင်ရာဥပဒေတွေကို မထောက်ခံလို့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်အချို့က သူတို့ကို ယုံကြည်သူတွေကို သြဇာလွှမ်းဖို့ ကြိုးစားပြီး အင်န်အယ်လ်ဒီကိုမဲမပေးဖို့ လုပ်တဲ့ ဖြစ်စဉ်အချို့ ရှိပါတယ်။ သူတို့ရဲ့ ဟောပြောမှုတွေဟာ အခြေခံဥပဒေနဲ့ လုံးလုံးဆန့်ကျင် နေတယ်။ ပြီးတော့ အစွန်းရောက်တွေကို ရွေးကောက်ပွဲကာလမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင် လှုံ့ဆော်မှာ ကျနော်တို့စိုးရိမ်ပါတယ်”ဟု NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

စက်တင်ဘာ ၂၅ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီ ခေါင်းဆောင် များ၊ ရွေးကောက်ပွဲစောင့်ကြည့်မည့် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးတက်ရောက်သော ရွေးကောက်ပွဲနှင့် ကျင့်ဝတ်ဆိုင်ရာ ညီလာခံတွင် ဦးဝင်းထိန်က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် သံဃာတော်အချို့ ဦးဆောင်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)က ၂၀၁၅ရွေးကောက်ပွဲနီးကပ်လာချိန်နှင့် တိုက်ဆိုင်စွာပင် အမျိုးစောင့်ဥပဒေပြဌာန်းနိုင်မှု အပေါ် အောင်ပွဲအဖြစ် အခမ်းအနားပွဲများ၊ စီတန်းလှည့်လည်မှုများ နိုင်ငံအဝှမ်းတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

“မျိုးစောင့်ဥပဒေ လွှတ်တော်သို့တင်သွင်းရာ၌ မထောက်ခံသူ၊ ကန့်ကွက်သူများသည် ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲ၌ အနိုင်ရရှိသွားပါက မျိုးစောင့်ဥပဒေကို ဧကန်မုချ ဖျက်ပစ်ကြမည်မှာ မလွဲပေ။ ထို့ကြောင့် မျိုးစောင့်ဥပဒေ ဖျက်မည့်သူများကို ရှောင်ကွင်း၍ မျိုးစောင့်ဥပဒေ ကာကွယ်မည့် သူများကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြရန်လည်း အဓိကလိုအပ်သည်” ဟု အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် စက်တင်ဘာ ၂၄ရက်ကပြုလုပ်သော မျိုးစောင့်ဥပဒေအောင်ပွဲတွင် နေပြည်တော် မ.ဘ.သအဖွဲ့ အတွင်းရေးမှူး ဘဒ္ဒန္တ ကိတ္တသာရက မိန့်ကြားခဲ့သည်။

ထို့အပြင် ဘာသာခြား၊ လူမျိုးခြားများက ဘွဲ့ထူး၊ ဂုဏ်ထူး အပေးခံရသူများအပါအဝင် မျိုးစောင့် ဥပဒေဖျက်မည့်သူများကို လွှတ်တော်အမတ်အဖြစ် မရွေးချယ်ရန် ရေးသားထားသည့် စာသားပါ စာရွက်များကိုလည်း လူထောင်ပေါင်းများစွာ တက်ရောက်သည့် အဆိုပါ မျိုးစောင့်ဥပဒေအောင်ပွဲတွင် မ.ဘ.သက ဝေငှခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ တွင်မူ “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစား မပြုရ” ဟု တရားဝင် ပြဌာန်းထားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...