“မနေ့က အခင်းဖြစ်တဲ့နေရာခေါ်ပြီး ရဲက မှတ်တမ်းယူတယ်။ တရားစွဲဖို့ကိုကျတော့ တရားသူကြီး ခရီးသွားလို့ တရားစွဲလို့ မရသေးဘူးပြောတယ်။ မဲဆွယ်စည်းရုံးရေး အပြန်ကားကိုတားပြီး ညစ်ညစ်ညမ်းညမ်း လုပ်ပြတာ။ ကားတန်းမှာက အမျိုးသမီးတွေလည်း ပါတယ်။ အမှုကို ၂၂ ရက်နေ့က ရဲက အမှုလက်ခံပြီး ဖွင့်ပေးတယ်။”ဟု ၎င်းက ပြောကြားသည်။
NLD အမတ်လောင်းများ ခင်ဦးမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးမှအပြန် စက်တင်ဘာ ၂၀ရက်နေ့၊ ညနေ ၆နာရီခွဲအချိန် ရွာသန်းကျေးရွာသို့ အဖြတ်တွင် အမျိုးသားတစ်ဦးက စည်းရုံးရေး ယာဉ်တန်းကို တားကာ ၎င်းနှင့် အခြားအပေါင်းအပါ အမျိုးသားတစ်ဦးတို့က ညစ်ညမ်းသည့်အပြုအမှု၊ ပုဆိုးလှန် ကပြခြင်းတို့ဖြင့် နှောက်ယှက်ခဲ့သည်ဟု ဒေါက်တာဝင်းအောင်က ဆိုသည်။
ယင်းဖြစ်စဉ်ကို ဒေါက်တာဝင်းအောင်က ရဲစခန်းသို့ ၂၀ ရက်နေ့ကပင် တိုင်ကြားအမှုဖွင့်ခဲ့သော်လည်း အခြားအကြောင်း အရာများ ဆောင်ရွက်နေခြင်းကြောင့် စက်တင်ဘာ ၂၂ ရက်နေ့၌သာ အမှုလက်ခံပေးခဲ့သည်ဟု ခင်ဦးမြို့နယ် NLD မှ သိရသည်။
ခင်ဦးရဲစခန်းက ယင်းဖြစ်စဉ် ကျူးလွန်သူဟု ယူဆရသူ ဦးမင်းထွန်းဦးနှင့် မောင်မျိုးတို့ကို စစ်ဆေးမှု များပြုလုပ်နေပြီး ၎င်းတို့နှစ်ဦးအား ပြစ်မှုဆိုင်ရာဥပဒေနံပါတ် (ပ) ၂၃၃/၂၀၁၅ ညစ်ညမ်းစွာ ဆဲရေးခြင်း၊ ပြုလုပ်မှုကို အားပေးခြင်း ပုဒ်မ ၂၉၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ခင်ဦးမြို့မရဲစခန်း တာဝန်မှူးက မဇ္စျိမသို့ ပြန်လည်ဖြေကြားသည်။
ခင်ဦးမြို့နယ်တွင် NLD မှ ဒေါက်တာဝင်းအောင် (ပြည်သူ့လွှတ်တော်)၊ ဒေါ်သင်းသင်းကြူ (စစ်ကိုင်းတိုင်း လွှတ်တော်မဲဆန္ဒနယ် ၁) နှင့် ဦးကျော်မင်းထွန်း (စစ်ကိုင်းတိုင်း လွှတ်တော်မဲဆန္ဒနယ် ၂) တို့အပြင် ပြည်ခိုင်ဖြိုးမှ ဦးအောင်မျိုးငြိမ်း (ပြည်သူ့လွှတ်တော်)၊ ဒေါက်တာအောင်သန်း၊ ဦးထွန်းမြင့်တို့အပါအဝင် ပါတီ ၅ခုမှ အမတ်လောင်း ၁၃ ဦးအထိ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။







