NCA လက်မှတ်မထိုးမည့်အပေါ် နာဂအဖွဲ့ (NSCN-K) ပြန်လည်သုံးသပ်

NCA လက်မှတ်မထိုးမည့်အပေါ် နာဂအဖွဲ့ (NSCN-K) ပြန်လည်သုံးသပ်
by -
မဇ္ဈိမ
အပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးဟု စက်တင်ဘာ ၁၇ ရက်နေ့က ပြောဆိုထားသည့် အပေါ် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) က ပြန်လည်သုံးသပ်နေသည်ဟု နာဂအဖွဲ့နှင့် အစိုးရအကြား ငြိမ်းချမ်းရေး အထောက်အကူပြု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“ဒီနေ့နဲ့ နက်ဖြန်ဗဟိုကော်မတီအစည်းအဝေးလုပ်တယ်။ လက်မှတ်ထိုးမထိုးကို ဒီကနေပြီးတော့ လုံးဝ ဆုံးဖြတ်မှာ။ ဘာကြောင့် မထိုးမှာလည်းဆိုတာလည်း ပါမယ်။ အဲဒီတော့မှ အသေအချာပြောနိုင် လိမ့်မယ်။ အရင်ကအဖြေ ပြန်ထွက်နိုင်သလို မတူတဲ့အဖြေလည်း ထွက်နိုင်တယ်။”ဟု အမည်မဖော်လိုသူ NSCN-K ၏ ငြိမ်းချမ်းရေး အထောက်အကူပြု အဖွဲ့ဝင်က ဆိုသည်။

ပြန်လည်သုံးသပ်သည့် ဗဟိုကော်မတီအစည်းအဝေးကို NSCN-K ၏ ဌာနချုပ်ဖြစ်သည့် တနိုင်းနှင့် ခန္တီးမြို့အကြား၊ တံခါးရွာတွင် စက်တင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်နေ့တို့တွင် ပြုလုပ်မည်ဖြစ်သည်။

စက်တင်ဘာ ၁၆ရက်နှင့် ၁၇ရက်၊ မြန်မာနိိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)တွင်  ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ဒုဥက္ကဌ ဦးအောင်မင်းနှင့်  NSCN-K မှ ဒုဥက္ကဌနှစ် ဦးဖြစ်သည့် ဇော်ဝင်းစိန်၊ ဟန်ကန်နှင့် ဒုဗိုလ်ဇူလိုင်ဒေါ့ တို့တွေ့ဆုံ့ကာ ဒုတိယနေ့တွေ့ဆုံသည့် စက်တင်ဘာ ၁၇ရက်တွင်  NSCN-K အနေဖြင့် NCA အား လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း စာနှင့်လည်း တင်ပြခဲ့ပြီး နုတ်ဖြင့်လည်း ပြောကြားခဲ့သည်ဟု အဆိုပါ အမည်မဖော်လိုသူက ပြောသည်။

တံခါးရွာတွင် ကျင်းပမည့် အစည်းအဝေးအပြီးမှသာ အသေးစိတ်ထုတ်ပြန်မည်ဟု အမည်မဖော်လိုသူက ဆိုသည်။

သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံအစိုးရက အိန္ဒိယနှင့် မြန်မာနယ်စပ်အကြား လှုပ်ရှားနေသည့် နာဂအဖွဲ့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် နှစ်နိုင်ငံနယ်စပ်လုံခြံုရေးအတွက် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် အိန္ဒိယ အဆင့်မြင့်အရာရှိက မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

NSCN-K သည် မြန်မာအစိုးရနှင့် ၂၀၁၂ ခုနှစ်တွင် တိုင်းအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...