မြန်မာ့ ရေအရင်းအမြစ် စနစ်တကျ စီမံခန့်ခွဲရန် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး သတိပေး

မြန်မာ့ ရေအရင်းအမြစ် စနစ်တကျ စီမံခန့်ခွဲရန် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး သတိပေး
by -
မဇ္ဈိမ
စိုက်ပျိုးရေးကို အဓိကထားပြီး လယ်ယာစိုက်ပျိူးသူ ရာခိုင်နှုန်း ရ၀ ကျော်ရှိနေသည့် မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲရန်နှင့် ရေနည်းနည်းသုံးပြီး သီးနှံများများထွက်သည့် စနစ်ကို ကျင့်သုံးနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီရယ် ဇွန်ရှိုင်းက တိုက်တွန်းလိုက်သည်။

“ရေနည်းနည်းပဲထည့်ပြီး သီးနှံများများ ထွက်ရမယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ စွမ်းအင် နည်းနည်းပဲ သုံးပြီး သီးနှံများများထွက်ရမယ်။ ဒါကို စီးပွားရေး ရှုထောင့်ကနေ ချဉ်းကပ်ရမယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အတော်များများက လယ်သမားတွေရဲ့ လက်ထဲမှာပဲ ရှိသေးတယ်လို့ ထင်တယ်။ ကျနော်ဆိုလိုတာကို ရေအရင်းမြစ်ကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာပါ။ မြစ်တွေကနေ ရေကို လိုအပ်တဲ့နေရာတွေဆီ အရောက်ပို့မလဲ။ အဲဒီရေဟာ သန့်လည်းသန့်ရမယ်၊ အရည်အသွေး လည်း ကောင်းရမယ်။ မိုးရာသီမှာရော အခြားရာသီတွေမှာမှာ လူတွေ ရေကို လုံလုံလောက်လောက် ရနေအောင် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာပါ”ဟု အစ္စရေး သံအမတ်ကြီးက ပြောသည်။

ရေသည် မကုန်နိုင်သည့် အရာဟု မသတ်မှတ်ဘဲ ခြိုးခြံအသုံးပြုရန်လိုအပ်နေသည်ဟုလည်း အစ္စရေးနိုင်ငံ၏ အတွေ့အကြံအပေါ် အခြေခံလျက် သူကဆိုသည်။

“ခင်ဗျားတို့ သိတဲ့အတိုင်း အစ္စရေးရဲ့ ရေရှားပါးမှုမှာ အခြေခံပါတယ်။ ရေကို ပိုပြီးရလာအောင် ကျနော်တို့ဟာ အများကြီး ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ ပြန်သန့်ထားတဲ့ရေကို အသုံးပြုခဲ့ရတယ်။ စိုက်ပျိုးရေးသာမက အရပ်ဖက်သုံးနဲ့ စက်မှုလုပ်ငန်းတွေမှာ ရေကို ပိုပြီး ထိထိရောက်ရောက် ဖြစ်အောင် သုံးဖို့ လိုအပ်တယ်”ဟု သူက အကြံပြုသည်။

မြန်မာနိုင်ငံအတွင်း ရေပေးဝေသည့် စနစ်နှင့် လယ်ယာကိုင်းကျွန်းများသို့ သွယ်တန်းသည့် စနစ်တွင် လည်း ရေကို အလေအလွင့် မရှိအောင် စီမံခန့်ခွဲရန် သတိပေးခဲ့ပြီး “ရေကို ဓနဥစ္စာ တစ်ရပ်လို့မြင်ရင် ရေပြတ်လပ်မှုကို ကာကွယ်ဖို့ ရေစီမံခန့်ခွဲမှု နည်းပညာတွေကို သိဖို့လိုပါတယ်”ဟုလည်း ပြောသည်။

ရေအရင်းအမြစ် စီမံခန့်ခွဲမှုအားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် Israeli National Water ကုမ္ပဏီနှင့် ပူးပေါင်းလျက် မြန်မာပြည်သူများ၊ ပုဂ္ဂလိက၊ အစိုးရတို့နှင့် စီမံကိန်းများ တိုးချဲ့ လုပ်ဆောင်လိုသည်ဟုလည်း သူက ဆိုခဲ့သည်။

မြန်မာနိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်စေရန် အထောက်အကူပြုသည့် ရေနဲ့ ရေဆိုးသန့်စင်ရေး၊ စွမ်းအင်သစ်ထုတ်လုပ်သည့် နောက်ဆုံးပေါ်နည်းပညာများကို ပြသသည့် Myanmar Water 2015 ပြပွဲကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် စက်တင်ဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ ပြုလုပ်ခဲ့သေးသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...