နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တပေါင်းကွင်းတွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေအောင်ပွဲသို့ တက်ရောက်လာသော ရာဂဏန်းရှိသည့် ယာဉ်များအနက် တပ်မတော်ယာဉ်အမှတ် ၁၇၂၇(ဗ)ဖြင့် အရပ်သားများ တက်ရောက်လာခြင်း ဖြစ်သည်။
မျိုးစောင့်ဥပဒေဟု လူသိများသည့် ဥပဒေလေးခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးပြဌာန်းပေးခဲ့သည့်အပေါ် ထောက်ခံသည့် အဆိုပါ အထိမ်းအမှတ်အောင်ပွဲသို့ သံဃာတော်များ၊ သီလရှင်များအပါအဝင် အမျိုးသာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ဝင်များနှင့် နိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအသင်းဝင်များလည်း တက်ရောက်ခဲ့သည်။
လူဦးရေ ထောင်ပေါင်းများစွာတက်ရောက်သော အဆိုပါ အခမ်းအနားမစတင်မှီ “ဇာတိမာန်” သီချင်းဖြင့် အမျိုးသမီးတစ်ဦးက သီဆိုဖျော်ဖြေခဲ့ပြီး နေ့လည် ၂နာရီကျော်တွင် အခမ်းအနား စတင်သည်။
အခမ်းအနားအဖွင့်တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ဥက္ကဌဆရာတော် ပေးပို့သော သဝဏ်လွှာကို နေပြည်တော် မ.ဘ.သအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တကိတ္ထိသာရက ဖတ်ကြားခဲ့သည်။
အဆိုပါ သဝဏ်လွှာတွင် “မျိုးစောင့်ဥပဒေဖျက်မည့်သူများကို ရှောင်ကွင်း၍ မျိုးစောင့်ဥပဒေ ကာကွယ် မည့် သူများကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြရန်လည်း အဓိက လိုအပ်သည်။ ယခုပေါ်ပေါက် ခဲ့သော မျိုးစောင့်ဥပဒေမျိုး နောင် မည်သည့်နည်းနှင့်မျှ ပေါ်ပေါက်ဖို့ မလွယ်ကူပေ”ဟု ပါရှိသည်။
ပြဌာန်းလိုက်သည့် ဥပဒေများမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။
အဆိုပါ ဥပဒေများကို အရပ်ဘက်အဖွဲ့အစည်းအများစုက ကန့်ကွက်ခဲ့သေးသည်။
ယင်းဥပဒေများ အသက်ဝင်လာခြင်းသည် လွန်ခဲ့သည့် ၂၀၁၃ခုနှစ်အတွင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က လက်မှတ်တစ်သန်းကျော်ဖြင့် သမ္မတထံတိုက်တွန်းမှု၏ နောက်ဆက်တွဲ တစ်ခုလည်း ဖြစ်သည်။







