ဆိုင်ကယ်သမားကို တားပြီး စစ်ဆေးရာတွင် လိုင်စင်မဲ့ယာဉ်ဖြစ်နေ၍ ယာဉ်မောင်းလိုင်စင်အား သိမ်းယူပြီး ချလံဖြတ်ရန် ပြောဆိုရာမှ ဆိုင်ကယ်သမားက အကိုဖြစ်သူကို သွားခေါ်ခဲ့ပြီး လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သူ့အကို လှစိုးထွန်းက လိုက်လာပြီး အသတ်ခံရတဲ့ ရဲတပ်သား ကျော်ဇင်ဦးထံ မေးမြန်းတယ်။ ချလံဖြတ်ဖို့ ပြောတော့ သူအကိုက စပြီး လက်သီးနဲ့ထိုးတာကို ရှောင်လိုက်တော့ ချော်လဲသွားတယ်။ အဲဒီမှာ ခါးမှာ ဝှက်ယူလာတဲ့ ဓါးနဲ့ ထိုးတာပါ”ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
ဆိုင်ကယ်မောင်းသူ လှမျိုးထွန်းသည် မိဘများရှိရာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ကျောင်းပေါက် အနီးသို့ မတ္တရာမှ ဆိုင်ကယ်ဖြင့် လာရောက်စဉ် ယာဉ်ထိန်းရဲ ပူးပေါင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးခံရပြီး ချလံဖြတ်ခိုင်းရာမှ မဖြတ်သေးဘဲ လမ်း ၄၀×၆၈ လမ်းတွင် နေထိုင်သူ ၎င်း၏ အကို တော်စပ်သည့် လှစိုးထွန်းအား သွားရောက်ခေါ်ခဲ့သည်ဟု ဆိုသည်။ အကိုဖြစ်သူ လှစိုးထွန်းက ယာဉ်ထိန်းရဲအား အသင့်ယူဆောင်လာသည့် ဓါးဖြင့် ထိုးခဲ့ရာ နောက်ကျော ယာဘက် လက်ပြင်ကို တစ်ချက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းက ဆိုသည်။
“အဲလိုဖြစ်တော့ ပတ်ဝန်းကျင်က ဆိုင်ကယ်တက်စီသမားတွေ ဝိုင်းဝန်းဖမ်းဆီးပေးတယ်။ ဆိုင်ကယ်မောင်းတဲ့ လှမျိုးထွန်းကလည်း သူ့အကိုဆီ ပြေးလာတော့ တပ်ဖွဲ့ဝင်တွေက သူတို့ ညီအကို နှစ်ယောက်လုံးကို ဖမ်းမိနိုင်ခဲ့တယ်။”ဟု အဆိုပါ ယာဉ်ထိန်းရဲအရာရှိက ပြောသည်။
ပြစ်မှုကျူးလွန်သူများအား ဝိုင်းဝန်းဖမ်းဆီးစဉ် လှစိုးထွန်းမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး မန္တလေးဆေးရုံသို့ တင်ပို့ထားပြီး ၎င်းတို့ နှစ်ဦးအား နယ်မြေအမှတ်(၁)ရဲစခန်းမှ (ပ)၂၇၂/၂၀၁၅၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သေဆုံးခဲ့ရသည့် ယာဉ်ထိန်းရဲ တပ်သား ကျော်ဇင်ဦးမှာ အမှတ် ၁၉ လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ မန္တလေးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေ သည်မှာ တစ်နှစ်ခန့်သာရှိသည်ဟု သိရသည်။







