“ယာယီနဲ့နေသူတွေ ကျေးရွာအုပ်စုတစ်ခုကို ၁၀၀ ကျော်လောက် ပါနေတယ်။ သူတို့တွေက ဒက္ခိဏ သီရိရော၊ လယ်ဝေးမှာရော မဲဆန္ဒနယ် ၂ ခု စလုံးမှာ ပါနေတာ။ အဲဒါတွေကို ထုတ်ခိုင်းတာကိုလည်း ကော်မရှင်က မထုတ်ဘူး။ မဲဆန္ဒနယ်တစ်ခုလုံးဆိုရင် ၁,၅၀၀ နီးပါး ပါနေတယ်”ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၁၄ ရက်မှ စတင်ထုတ်ပြန်သည့် မဲစာရင်းများ စိစစ်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒက္ခိဏသီရိ)က ၁၇ ရက်နေ့တွင် စတင်တောင်းယူ စိစစ်ခဲ့သည်ဟု ယင်းမြို့နယ်အဖွဲ့ချုပ်ထံမှ သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၈ စုနှင့် ရပ်ကွက် ၂ ခုအထိ ရှိပြီး စက်တင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည့် မဲစာရင်းအရ ရဲစခန်း ၄ ခုမှ ရဲတပ်သားနှင့် မိသားစုဝင် ၂၄၂ ဦး အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၁၇,၃၉၅ ဦးအထိ ရှိသည်။
“ခရိုင်ကော်မရှင်ကို တင်ပြခဲ့ပါတယ်။ အဲဒီလို ပါနေတဲ့သူတွေကို။ ဒါပေမဲ့ သူတို့က ၅ နှစ်ကနေ ၁၀ နှစ် လောက်ထိ အခုနေရာမှာ နေသူတွေဖြစ်လို့ မထုတ်ဖို့ ညွှန်ကြားထားတဲ့အတွက် ထည့်ထားတာပါ။ ၂ နေရာ ပါနေတာတော့ မသိပါဘူး။ သူတို့ မဲမပေးမယ့်နေရာကို လျှောက်ဖို့ အားလုံးကို အသိပေးပါ တယ်”ဟု ရန်အောင်မြင် ကျေးရွာအုပ်စု ကော်မရှင်အတွင်းရေးမှူး ဒေါ်သီတာစိုးက ဆိုသည်။
ရန်အောင်မြင်ကျေးရွာအုပ်စုအတွင်းတွင် အိမ်ထောင်စုစာရင်းမှ မဟုတ်သူ မဲပေးပိုင်ခွင့်ရှိသူ ၁၅၀ ပါဝင်သည်ဟု ၎င်းက အတည်ပြုသည်။
အိမ်ထောင်စုစာရင်းအတွင်း မပါရှိသူများသာမက အသက်မပြည့်သေးသော်လည်း မဲစာရင်းတွင် ပါဝင် နေသူများလည်း ရှိကြောင်း ဦးနေလင်းက ဆိုသည်။
“အသက်မပြည့်တာ ၃ ဦး ပါနေတယ်၊ ၂ ဦးက အတိုက်အခံပါတီ ထောက်ခံတဲ့သူတွေ ဖြစ်နေတော့ လုံးဝ ပြောလို့မရတဲ့ အခြေအနေပါ။ တစ်ဦးကတော့ ကျွန်တော့်ညီပါ။ သူကိုတော့ ထုတ်လိုက်ပါပြီ။ အားလုံးက ၁၄ နှစ်ဝန်းကျင်ပဲ ရှိသေးသူတွေပါ။ အိမ်ထောင်စုစာရင်းက မဟုတ်သူတွေက မဲပေးချိန်ကျရင် သူတို့ကိုယ်တိုင် မဟုတ်မှာကို စိုးရိမ်ရတယ်”ဟု ၎င်းက ပြောသည်။
NLD နာယက ဦးတင်ဦးကလည်း လက်ရှိထုတ်ပြန်သည့် မဲစာရင်းများက အမှားအများဆုံးနှင့် ပြည်သူများအတွက် ဒုက္ခအများဆုံး၊ အလုပ်အရှုပ်ဆုံး စာရင်းများဖြစ်နေသည်ဟု စက်တင်ဘာ ၂၁ ရက် ဗဟိုအောင်နိုင်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ၌ ဝေဖန်ထားသည်။
ဒက္ခိဏသီရိမြို့နယ်တွင် NLD မှ ကို်ယ်စားလှယ်လောင်းများအပြင် ပြည်ခိုင်ဖြိုးမှ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်(ပြည်သူ့လွှတ်တော်) နှင့် ၎င်း၏ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးကျော်ဝင်း (အမျိုးသားလွှတ်တော်)တို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းများကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ထုတ်ပြန်ထားသည်။







