ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကို သူရ ဦးရွှေမန်းဟု ရွေးကောက်ပွဲ ကော်မရှင် ဖေါ်ပြထား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကို သူရ ဦးရွှေမန်းဟု ရွေးကောက်ပွဲ ကော်မရှင် ဖေါ်ပြထား
by -
မဇ္ဈိမ
ပြည်ထောင်စု ကြံ့ခိုင်ရးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် လက်ရှိ သမ္မတဦးသိန်းစိန်က တာဝန်ထမ်း ဆောင်နေသည်ဟု ပါတီ၏ လက်ရှိ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ထုတ်ဖေါ်ပြောဆို ထားသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက် ဝက်ဆိုဒ် စာမျက်နှာတွင်မူ သူရ ဦးရွှေမန်းဟု ဖေါ်ပြထားဆဲဖြစ်သည်ကို တွေ့ရှိရသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ဖေါ်ပြချက်တွင် သူရ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ် ဖေါ်ပြထားသကဲ့သို့ ပါတီ၏ အထွေထွေ အတွင်းရေးမှူးမှာလည်း ဦးမောင်မောင်သိန်းဟု ဖေါ်ပြထားလျှက်ရှိသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပါတီလာလျှောက်စဉ်က ပါတီခေါင်းဆောင်မှာ ဦးသိန်းစိန်ဟု ဖေါ်ပြထားပြီး ဒုတိယ ခေါင်းဆောင်မှာ ဦးဋ္ဌေးဦးဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထား သည်ကို တွေ့ရှိရသည်။

သို့သော် သြဂုတ်လ ၁၂ ရက်ညတွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ရှုပ်ထွေးမှုများ ပေါ်ပေါက် ခဲ့ပြီး ပါတီဥက္ကဋ္ဌ တာဝန်ယူထားသူ သူရ ဦးရွှေမန်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိန်း တို့မှာ ပါတီတွင် တာဝန်ယူထားသည့် ရာထူး အသီးသီးမှ ဖယ်ရှားခံခဲ့ရပြီးဖြစ်သည်။

ယင်းနောက် ပါတီဥက္ကဋ္ဌမှာ ဦးဋ္ဌေးဦး ဖြစ်လာခဲ့ပြီး အထွေထွေ အတွင်းရေးမှူးမှာလည်း ဦးတင်နိုင်သိန်း ဖြစ်လာခဲ့သည်။ ယင်းအခြေအနေများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက သြဂုတ်လ ၂၂ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဦးရွှေမန်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆက်လက်ရှိနေမည်ဟု အဆိုပါနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

"သတင်းစာ ရှင်းလင်းပွဲတွင်  "ကျွန်တော်တို့က သူ့အပေါ်မှာ ယုံကြည်တယ်လေ။ ဘာလို့ ယုံကြည်တာလဲဆိုတော့ သူကနိုင်ငံတာဝန် ထမ်းဆောင်လာတဲ့အခါမှာ သူထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေအပေါ်မှာ အင်မတန်မှသစ္စာရှိတယ်။ ဒီလူပုဂ္ဂိုလ်ကို သစ္စာရှိရှိနဲ့ ပါတီအပေါ်မှာ နိုင်ငံအပေါ်မှာ သစ္စာဆက်ရှိနေတယ်လို့ပဲ အခုထက်ထိ ကျွန်တော်တို့က မှတ်ယူထားသလိုပါပဲ"ဟု ဦးရွှေမန်းကို ရည်ညွှန်းလျက် ပြောဆိုခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌကို ဦးရွှေမန်းဟု ဆက်လက် ဖေါ်ပြထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန်ရာတွင် မှားယွင်းမှုများကြောင့် ဝေဖန်မှုများ ခံနေရသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...