အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တစ်နိုင်ငံလုံး တိုက်ပွဲများရပ်တန့်ရန် အစိုးရထံတောင်းဆို

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တစ်နိုင်ငံလုံး တိုက်ပွဲများရပ်တန့်ရန် အစိုးရထံတောင်းဆို
by -
မဇ္ဈိမ
စက်တင်ဘာ ၂၁ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေး လိုလားသူ ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများက တစ်နိုင်ငံလုံး အပစ်ရပ်ရန် အပါအဝင် အချက်လေးချက်ကို အစိုးရထံသို့ တောင်းဆိုလိုက်သည်။

ယင်းလေးချက်သည် တစ်နိုင်ငံလုံး တိုက်ပွဲများ ချက်ခြင်းရပ်စဲရန်၊ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဖြစ်စဉ်တွင် နိုင်ငံရေးအင်အားစုများ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ အားလုံးပါဝင်နိုင်ရန်၊ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားများ အားလုံးကို လွှတ်ပေးရန် အပါအဝင် လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားကန့်သတ်ထားသည့် ဥပဒေပြဋ္ဌာန်းမှုများကို ရန်တန့်ရန် နှင့် ယင်းဥပဒေများကို ဖျက်သိမ်းပေးရန် တောင်းဆိုလိုက်သည်။

၂၀၁၅ခုနှစ် စက်တင်ဘာ ၂၁ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးလှုပ်ရှားမှုများ အဖြစ် မြေနီကုန်းမှ အင်းလျားကန်ဘောင်ထိ လမ်းလျှောက်ခြင်း၊ ကြေညာစာတမ်းဖတ်ကြားခြင်း၊ အကျဉ်းကျခံနေရသူများ၏ အသံဖိုင်ဖွင့်ပြခြင်း၊ ကဗျာရွတ်ခြင်း၊ ငြိမ်းချမ်းရေးသီချင်းများ သီဆိုခြင်း၊ ဖယောင်းတိုင်မီးထွန်းခြင်း တို့ကို ပြုလုပ်မည်ဟု ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွန်းလဲ့ရည်က မဇ္ဈိမသို့ ပြောကြားသည်။

“မြေနီကုန်း၊ ရှမ်းကုန်းလမ်းကနေ ကြည့်မြင်တိုင် အဲ့ဒီကနေ ပြည်လမ်းပေါ်တက်ပြီး အင်းလျား ကန်ဘောင်ပေါ်မှာ အစီအစဉ်တွေလုပ်မှာပါ။ ခွင့်ပြုချက်ယူထားပါတယ်၊ သူတို့ကတော့ ဟစ်တိုင်မှာ လုပ်စေချင်တာပေါ့။ ကျွန်မတို့က နိုင်ငံတကာမှာ လုပ်တဲ့အတိုင်း ပြည်သူတွေကို အသိပညာပေးချင်လို့ လမ်းလျှောက်ကြတာပါ။”ဟု စီစဉ်သူလည်းဖြစ်သူ ၎င်းကပြောသည်။

ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးလိုလားသူများက အပစ်ရပ်ရန် တောင်းဆိုခဲ့သော်လည်း ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသည်။

စက်တင်ဘာလ ၂၁ ရက် နံနက် ၅ နာရီချိန်မှစတင်၍ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ နမ်လင်းပါကျေးရွာတွင် အစုုိးရစစ်တပ်ဘက်မှ လက်နက်ကြီး ၆ ကြိမ် ပစ်ခတ်ခဲ့သဖြင့် KIA ဘက်ကလည်း လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တုုိက်ခုုိက်ခဲ့ သည်ဟုု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗုုိလ်မှူး ဂျွန်းအောင်က ပြောသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ၂၀၁၂ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ကျင်းပခွင့်ရခဲ့ပြီး ထိုနေ့တွင် ငြိမ်းချမ်းရေးလိုလား သူများက ငြိမ်းချမ်းရေးလိုလားကြောင်း ပြသသည့် သရုပ်ဖော်မှုများ၊ ကဗျာရွတ်ဆိုမှုများ၊ လမ်းလျောက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်ရပ်ရန် နှစ်စဉ်တောင်းဆိုကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်နှင့် အထွေထွေရွေးကောက်ပွဲကျင်းပရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ တွင် နိုင်ငံရေးအင်အားစုများအားလုံး နိုင်ငံသားများအားလုံး တန်းတူညီမျှစွာ ပါဝင်ခွင့်ရရှိပြီး မိမိတို့၏ အမြင်များကို လွတ်လပ်စွာထုတ်ဖော်ခွင့် ရရှိနိုင်မှသာ အားလုံးပါဝင်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်စဉ် ဖန်တီးနိုင်မည်ဟု ယုံကြည်၍ တောင်းဆိုခြင်း ဖြစ်သည်ဟုလည်း ငြိမ်းချမ်းရေးလိုလားသူများက ဆိုကြသည်။

“အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့”အဖြစ်  စက်တင်ဘာ ၂၁ ရက်နေ့ကို ကုလသမဂ္ဂမှ ၁၉၈၂ ခုနှစ်တွင် တရားဝင်သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံများတွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများ၊ လှုပ်ရှားမှုများကျင်းပကြပြီး မြန်မာနိုင်ငံ တွင်လည်း ၂၀၁၂ ခုနှစ်မှ စတင်၍ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...