ပြုပြင်ပြောင်းလဲရေး မျှော်လင့်သလောက် မဖြစ်လာတာ အားလုံးအသိဟု ဦးရွှေမန်းဆို

ပြုပြင်ပြောင်းလဲရေး မျှော်လင့်သလောက် မဖြစ်လာတာ အားလုံးအသိဟု ဦးရွှေမန်းဆို
by -
မဇ္ဈိမ
၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ပြီး အစိုးရတစ်ရပ်၏ သက်တမ်း ငါးနှစ် ကုန်ဆုံးမည့်အချိန်အထိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ မျှော်မှန်းသကဲ့သို့ ဖြစ်မလာနိုင်သေးဟု ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းက စက်တင်ဘာ ၂၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။

“နိုင်ငံတကာမှ မိတ်ဆွေများ၏ အသိအမှတ်ပြုမှုနှင့် အားပေး ကူညီမှုများကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ထိုက်သင့်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါကြောင်း၊ သို့ရာတွင် မိမိတို့ပြည်သူများ မျှော်လင့်သလောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှု မရသေးသည်မှာ အားလုံးအသိပင်ဖြစ်ပါကြောင်း”ဟု ဦးရွှေမန်းက ပြောသည်။

စက်တင်ဘာ ၂၁ ရက် ပြည်ထောင်စု လွှတ်တော်ရုံးတွင် ကျင်းပသည့် လွှတ်တော် ကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောသွားခြင်းဖြစ်သည်။ သူတာဝန်ယူထားသည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အခြားလွှတ်တော်များ၏ သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် အသွင်ကူးပြောင်းရေး ကာလတွင် တက်တက်ကြွကြွ လုပ်ဆောင်ကြရန်လည်း ဝန်ထမ်းများသို့ တိုက်တွန်းသည်။ “အကူးအပြောင်းကာလတွင် လုပ်ငန်းများ ထိထိရောက်ရောက်၊ တက်တက်ကြွကြွ လုပ်ဆောင်ရန်အတွက် ဝန်ထမ်းများ၏ အခန်ကဏ္ဍ အရေးကြီးပါကြောင်း”ဟု ဦးရွှေမန်းက ပြောသည်။

ပြုပြင်ပြောင်းလဲတွင် လွှတ်တော်သည် အသက်ဝိညာဉ်ဟု ဦးရွှေမန်းက ဆိုလိုက်ပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် လူ့အခွင့်အရေး ဒီမိုကရေစီ အခွင့်အရေးများကို ဖေါ်ဆောင်ပေးနေသည်ဟုလည်း သူက ဆိုသည်။

“လွှတ်တော်များ ဆက်လက်ရှင်သန်ရန်နှင့် အားကောင်းရန် လိုအပ်ပြီး လွှတ်တော်များ ရှင်သန် အားကောင်းမှသာ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့်အတူ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မည်”ဟုလည်း သူကဆိုသည်။ လွှတ်တော် ကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် လွှတ်တော်နှင့် လွှတ်တော်အမတ်များ၏ စွမ်းဆောင်ရည် မြင့်မားမှသာ လွှတ်တော်ကို အကူအညီပေးနိုင်မည်ဟုလည်း ဦးရွှေမန်းက သတိပေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ရုံးတွင် ကျင်းပသည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ ဖြစ်သည့် UNDP, Australian Parliament, Parliament of Denmark, UK House of Commons တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။ အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၉ ရက်နေ့အထိ သုံးပတ်ကြာ ကျင်းပမည်ဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...