ကျန်းမာရေးကဏ္ဍကို မိုးကျရွှေကိုယ်များ မပို့တော့ဟု တရားဝင်မကြေညာမချင်း ဖဲကြိုးနက်လှုပ်ရှားမှု ဆက်လုပ်မည်

ကျန်းမာရေးကဏ္ဍကို မိုးကျရွှေကိုယ်များ မပို့တော့ဟု တရားဝင်မကြေညာမချင်း ဖဲကြိုးနက်လှုပ်ရှားမှု ဆက်လုပ်မည်
by -
မဇ္ဈိမ
ကျန်းမာရေးကဏ္ဍတွင် တပ်မတော်သားများ ဝင်ရောက်လာမှုကို ကန့်ကွက်သည့်အနေဖြင့် ဆရာဝန်များ၏ ဖဲကြိုးနက်လှုပ်ရှားမှုကို တရားဝင်စာတင်ကာ မတုန့်ပြန်မချင်း ဆက်လုပ်သွားမည်ဟု စက်တင်ဘာ ၂၀ရက်တွင် ရန်ကုန်မြို့ မင်းကွန်းတိပိဋ္ဋကကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲ လုပ်ကာ ပြောကြားခဲ့သည်။

“ကျမတို့ရဲ့ Black Ribbon Campaignကြောင့် တပ်မတော်က ပြောင်းရွှေ့လာမယ့်ကိစ္စကို ရပ်ဆိုင်း ထားတယ်ဆိုတာ ကို နှုတ်ကပဲ ပြောထားတာပါ။ ဒီလိုပြောင်းရွှေ့လာတာဟာ ဥပဒေနဲ့ မညီဘူး။ အဲ့တော့ ဆက်လက်ပြီးတော့ မိုးကျရွှေကိုယ်တွေကို ထပ်ပြီးမပို့ဖို့ကို on paper (စာရွက်စာတမ်းဖြင့်) ကြေညာတာကို လိုချင်တာပါ။”ဟု တောင်ကြီးမြို့စပ်စံထွန်းဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ ထားထားငြိမ်းက ပြောသည်။

တပ်မတော်မှအရာရှိများအား ကျန်းမာရေးဌာနများ၏ အရေးပါသော ရာထူးနေရာများတွင် ခန့်ထားမှုကို ကန့်ကွက်သော ဖဲကြိုးနက်လှုပ်ရှားမှုကို အင်တာနက်စာမျက်နှာများထက်တွင် စတင်ခဲ့ပြီး ပူးပေါင်းပါဝင်သူ ဆရာဝန်ဦးရေ နှစ်သောင်းကျော်ရှိလာခဲ့ပြီဟု သိရသည်။

တရားဝင်ကန့်ကွက်မှုအဖြစ် ယခုလ ၁ရက်က ဆရာဝန်၃၅၀၀ခန့်က လက်မှတ်ရေးထိုးပြီး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌများနှင့် ဆရာဝန်လွှတ်တော်ကိုယ်စားလှယ်များ၊ ဆရာဝန်အသင်းများသို့ ပေးပို့တောင်းဆိုခဲ့သည်။

“တောင်းဆိုချက်ကို မတုံ့ပြန်ဘူး။ ဒါကြောင့်ဆက်လုပ်နေတာ၊ လက်မှတ်တွေလည်း ထပ်ပို့ဖို့ ရှိပါတယ်။”ဟု ရှမ်းပြည်နယ်၊ လွယ်လင်ပြည်သူ့ဆေးရုံမှ အရိုးအထူးကုဆရာဝန် ဒေါက်တာ တေဇကျော်က ပြောသည်။

ကန့်ကွက်ကြောင်း လက်မှတ်များကို နယ်ဝေးမှဆရာဝန်များက ကားဂိတ်များမှတစ်ဆင့်၊ နိုင်ငံရပ်ခြားမှ ဆရာဝန်များ၏ လက်မှတ်များမှာ အွန်လိုင်းမှတဆင့် ဆက်လက်ပေးပို့နေကြဆဲဖြစ်သည်။ လက်ရှိတွင် လက်မှတ်သုံးရာကျော်ရရှိထားကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းဆရာဝန်အဖြစ် တစ်သောင်းသုံးထောင်ကျော် တာဝန်ထမ်းဆောင်နေပြီး တစ်နိုင်ငံလုံးတွင် ဆရာဝန်အရေအတွက်မှာ စာရင်းအရ သုံးသောင်းကျော်ရှိကြောင်း သိရသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...