မဲစာရင်းမှန်ဖို့ ၃၀ ရာခိုင်နှုန်းသာ တာဝန်ယူပါက နုတ်ထွက်ပေးဟု အနုပညာရှင်အချို့ ဝေဖန်

မဲစာရင်းမှန်ဖို့ ၃၀ ရာခိုင်နှုန်းသာ တာဝန်ယူပါက နုတ်ထွက်ပေးဟု အနုပညာရှင်အချို့ ဝေဖန်
by -
မဇ္ဈိမ
မဲစာရင်းများမှန်ကန်မှုကို ၃၀ ရာခိုင်နှုန်းသာ အာမခံနိုင်ပါက နုတ်ထွက်ပေးရန်နှင့် ယင်းကြောင့် တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်အတွက် သံသယများရှိနေသည်ဟု အနုပညာရှင်အချို့က စက်တင်ဘာ ၂၀ရက်တွင် ဝေဖန်လိုက်သည်။

“ဒီတာဝန်ကို ယူပြီးလို့ နောက်ကန်တော့ပွဲနဲ့တောင်းပန်ရင်တောင် မလုပ်တော့ဘူးလို့ ဆန္ဒရှိသူက တစ်ပိုင်း၊ ၃၀ရာခိုင်နှုန်းပဲ မှန်ကန်မှုကို အာမခံမယ်ဆိုရင် အခုကတည်းက နုတ်ထွက်ပေးပါ။ အဲဒီအတွက် ကန့်တော့ပွဲ ဘယ်နှစ်ပွဲ တင်တောင်းရတောင်းရဆိုတဲ့ ဆန္ဒရှိသူကတစ်ပိုင်း၊ ကျွန်မကတော့ ပြည်သူများ မဲစာရင်းသွားစစ်ကြပါလို့ ကန့်တော့ပွဲနဲ့ တောင်းပန်ပါတယ်”ဟု ရုပ်ရှင်သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်က ပြောသည်။

စက်တင်ဘာ ၂၀ရက် နေ့လည် ၃နာရီမှ ၅နာရီထိ ဆူးလေ ရှန်ဂဟီလာဟိုတယ်တွင် အနုပညာ ရှင်အများစုက မဲပေးပိုင်ခွင့်မဆုံးရှုံးဖို့ မဲစာရင်းကြည့်ကြစို့ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အခမ်းအနားတွင် အနုပညာရှင်အချို့က ဝေဖန်လိုက်ခြင်းဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံတွေမှာ မဲစာရင်းက နိုင်ငံတစ်ကာစာရင်းအင်းပညာရှင်တွေ ပြောချက်အရဆိုရင် ၁ရာခိုင်နှုန်း ထက်ပိုမှားခွင့် မရှိဘူးတဲ့။ အဲဒီထက်ပိုမှားရင် ဒါကိုမသမာမှုလို့ သတ်မှတ်ပါတယ်လို့ ဖတ်ရတယ်။ ပြန်ပြီး အစအဆုံး ပြုပြင်တာလုပ်ရပါတယ်တဲ့။ အခု ရ၀ ရာခိုင်နှုန်းမှားနေတယ်ဆိုတော့ စိုးရိမ်ရေမှတ်ရောက်နေတယ်လို့ စဉ်းစားမိပါတယ်”ဟုလည်း ဖြူဖြူကျော်သိန်းက ယင်းအခမ်းအနား မှာ ပြောကြားသည်။

ကြည့်ဖြူသျှင်၊ ထွန်းအိန္ဒြာဗိုလ်၊ ဖြူဖြူကျော်သိန်း၊ ချောစုခင်၊ သံသာဝင်း၊ ချစ်သုဝေ၊ နွဲ့ယဉ်ဝင်း၊ အယ်လ်လွန်းဝါ၊ လွှမ်းပိုင်၊ မောင်မောင်အေးတို့အပါအဝင် အနုပညာရှင် ၁၅ဦးခန့်က မဲစာရင်းတွင် မဲပေးနိုင်သူ အားလုံးပါဝင်ရေး မဲစာရင်းကိုကြည့်ရှုပြီး မဲစာရင်းတွင် ပါ၀င်အောင်ဆောင်ရွက်နိုင်ရန် ပြည်သူများသို့ အသိပေးခြင်းလည်းဖြစ်သည်။

မဲစာရင်းမှန်ကန်ရေးကို ကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ၃၀ရာခိုင်နှုန်းသာ အာမခံနိုင်ပြီး ကျန်အပိုင်း ပြည့်မီရေးသည် ပြည်သူများက ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက စက်တင်ဘာ ၁၁ရက် PARK ROYAL ဟိုတယ်တွင် ပြုလုပ်သည့် အယ်ဒီတာဖိုရမ်တွင် ပြောဆိုခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် ၃၀ရာခိုင်နှုန်းသာ တာဝန်ယူနိုင်သည်ဟု ပြောဆိုခဲ့သည့်အပေါ် အဖွဲ့အစည်းပေါင်းစုံမှ ဝေဖန်နေကြခြင်းလည်းဖြစ်သည်။

“၃၀ရာခိုင်နှုန်းပဲ မှန်မယ်လို့တရားဝင်ပြောတာ၊ အဖြေထွက်မလာသေးပဲ ၃၀ရာခိုင်နှုန်းပဲမှန်မယ်လို့ ဘာလို့အရင် ပြောနိုင်တာလဲ၊ ဒါဆို ရ၀ရာခိုင်နှုန်းမှားတာ သူတို့သိပြီးသားလို့ထင်တယ်။ သိပြီးသားကို ဘာလို့မှန်အောင် မလုပ်ပေးနိုင်တာလဲ၊ ဒါကိုသံသယရှိတယ်။ အဲဒီတော့ ရွေးကောက်ပွဲကလည်း တရားမျှတပါ့ မလားလို့မေးခွန်း ထုတ်ချင်တယ်။”ဟု အဆိုတော် သံသာဝင်းက ဆိုသည်။

မဲစာရင်းတွေအမည်မပါ၀င်ပါက မဲပေးနိုင်မည် မဟုတ်ကြောင်းနှင့် မဲစာရင်းများကို သွားရောက်ကြည့်ရှုပြီး အမည်ပါ၀င်ရေးဆောင် ရွက်ရန်လည်း တိုက်တွန်းထားသော်လည်း အမှန်တစ်ကယ်သွားရောက်ကြည့်ရှု့ ပြင်ဆင်ရာတွင် အခက်အခဲများစွာ၊ အဆင်မပြေမှုများစွာ ရှိနေသည်ဟုလည်း ၎င်းတို့က ဆိုကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ရက်မှ ၂၇ရက်ထိ တစ်နိုင်ငံလုံးမှ မဲစာရင်းများကို ထုတ်ပြန်ကြေညာပေး ထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...