ဘာသာရေးကို နိုင်ငံရေးတွင်အသုံးချပါက ကြည့်နေမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဘာသာရေးကို နိုင်ငံရေးတွင်အသုံးချပါက ကြည့်နေမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္ဈိမ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးတွင် အသုံးချမည် မဟုတ်သလို ပါတီဝင်များ စည်းမျဉ်းချိုးဖောက်ပါကလည်း ကြည့်နေမည်မဟုတ်ဟု အင်န်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဖြစ်သူ ဝါရင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘာသာရေးကို နိုင်ငံရေးမှာ မသုံးရဘူးဆိုတာ တားဆီးထားပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ကတော့ နည်းနည်းလေးမှ စည်းမျဉ်းဥပဒေ လွဲချော်တဲ့ကိစ္စတွေမလုပ်ဘူး။ လုပ်လို့ ရှိရင်လည်း ကြည့်နေမှာမဟုတ်ဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ရမည်းသင်းမြို့၊ ကျောင်းဖြူကုန်း ကွင်းတွင် စက်တင်ဘာ ၁၉ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်းကိုယ်တိုင်လည်း ဘာသာရေးကိုအသုံးချသည့် နိုင်ငံရေးကိစ္စများကို လုံးဝပြောဆိုခဲ့ခြင်း မရှိဘဲ "ကျွန်မတို့ဟာ အမြဲပဲ သန့်သန့်ရှင်းရှင်းလုပ်ပါတယ်"ဟု ဆိုသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်ရာတွင် ဘာသာရေးကိုအသုံးချပြီး သွေခွဲခြင်းနှင့် ပဋိပက္ခများ ဖြစ်လာနိုင်သည့် အခြေအနေကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာသံရုံး(၉)ခုက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်သော စက်တင်ဘာ ၁၅ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

မြန်မာအစိုးရအနေဖြင့် အဆိုပါ ထုတ်ပြန်ချက်သည် အပြုသဘောမဆောင်ဘဲ မလိုလားအပ်သော အခြေအနေများဖြစ်ပေါ်စေနိုင်သည် ဟုဆိုကာ သံရုံး(၉)ခု၏ ကြေငြာချက်ထုတ်ပြန်အပြီး နောက်တစ်ရက်တွင် ပြန်လည်တုံ့ပြန်ခဲ့သည်။

နိုဝင်ဘာ ၈ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီဝင်အမတ်လောင်းထက် ပါတီတံဆိပ် ကိုသာ ကြည့်ပြီး ပြည်သူများမဲပေးကြ ရန် တစိုက်မတ်မတ်ပြောဆိုလာသည့် ဒေါ်အောင်ဆန်းစုကြည် က ၎င်း၏ပါတီအနိုင်ရရှိပြီး အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ပါက အဂတိလိုက်စားမှု ကင်းစင်စေရမည်ဟုလည်း ရမည်းသင်းဟောပြောပွဲတွင် ဒေသခံများကို ကတိပေးပြောဆိုသွားသည်။

"ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါလို့ တောင်းရတဲ့အကြောင်းက ကျွန်မတို့ဟာ အစိုးရအဖွဲ့တစ်ခု ထူထောင်ချင်လို့ပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ရင် အဂတိလိုက်စားမှု ကင်းစေရမယ်လို့ ပြောချင်ပါတယ်"ဟု ၎င်းက ကတိပေးခဲ့သည်။

ထို့အပြင် NLDပါတီအစိုးရဖွဲ့နိုင်ပါက နိုင်ငံတစ်ကာအကူအညီများလည်း ရရှိလာမည်ဖြစ်ပြီး အဆိုပါ အကူအညီများမှာလည်း ပြည်သူလူ ထုထံ တိုက်ရိုက်ရောက်ရှိစေရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံကတိပေးခဲ့သေးသည်။

ရမည်းသင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး လက်ရှိအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လည်း အမျိုးသားလွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ကာ ပြည်သူ့လွှတ်တော်နေရာတွင် ဦးထွန်းထွန်းဝင်း၊ အမျိုးသားလွှတ်တော်နေရာတွင် ဦးသောင်းထွန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...