အိမ်တိုင်ယာရောက်စည်းရုံးသည့်နည်းဖြင့် တ.စ.ည ကိုယ်စားလှယ် မဲဆွယ်

အိမ်တိုင်ယာရောက်စည်းရုံးသည့်နည်းဖြင့် တ.စ.ည ကိုယ်စားလှယ် မဲဆွယ်
by -
မဇ္ဈိမ
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တ.စ.ည)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် ၆၃နှစ်အရွယ် ဦးသာအောင်က ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်အိမ်တက်၊ တစ်အိမ်ဆင်း အိမ်တိုင်ယာရောက် နည်းလမ်းကို သုံးကာ စက်တင်ဘာ ၁၇ရက်တွင် စတင်မဲဆွယ်လျှက်ရှိသည်။

ထိုနည်းလမ်းသည် မဲဆန္ဒရှင်နှင့် ကိုယ်စားလှယ်အကြား ပိုမို ရင်းနှီးစေကာ နွေးထွေးမှု ရှိသည့်အတွက် အောင်မြင်နိုင်သည်ဟု ၎င်းက ယုံကြည်ထားသည်။

“အများနဲ့ပြောတဲ့ ပွဲထက်စာရင် ဒါက ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်၊ နွေးနွေးထွေးထွေးရှိတဲ့အတွက် ပိုအောင်မြင်မယ်လို့ ယူဆပါတယ််”ဟု ဦးသာအောင်က ပြောကြားသည်။

ရွေးကောက်ပွဲတွင် ပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်နေရာအတွက် တိုင်းရင်းစည်းလုံး ညီညွှတ်ရေး ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ဦးသာအောင်က ၎င်း၏ ပြိုင်ဘက်များကို ပါတီအရမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်းအရ မည်သူ့ကိုမဆို စိုးရိမ်ထိတ်လန့်စရာ မရှိကြောင်း ပြောကြားသည်။

“ကျွန်တော်ကတော့ တစ်ရက်ကြီး တစ်နည်းသာဆိုသလို ပြည်သူ့အတွက် တစ်ကယ်လုပ်မယ်ဆို အတွေ့အကြုံအရ သမ္ဘာအရဆိုရင်တော့ ပါတီကို မကြည့်ဘဲနဲ့ လူကိုကြည့်မယ်ဆိုရင်တော့ ဘယ်သူ့မဲပေးသင့်လဲ”ဟု ညောင်ပင်သာကျေးရွာတွင် မဲဆွယ်စည်းရုံးရာ၌ ပြောကြား လိုက်သည်။

ဦးသာအောင်သည် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာတွင် ကတိပြု မဲဆွယ်ရာ၌ တောင်သူ လယ်သမားများအား မြေယာ ပိုင်ဆိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့် ယင်းလယ်ယာမြေတွင် တောင်သူလယ်သမားများ စိတ်ကြိုက် သီးနှံများစိုက်ပျိုးခွင့်ရအောင် ဆောင်ရွက်ပေးမည်ဟု မဲဆွယ်ခဲ့သည်။

ထို့အပြင် အလုပ်သမားအရေးနှင့် ပတ်သက်၍ ကာယ၊ ဉာဏအလိုက် ထိုက်တန်သည့် လုပ်အားခ ရရှိရေးနှင့် ဝန်ထမ်းများလည်း လုပ်သက်နှင့်စွမ်းရည်ရှိသလောက် ရာထူးအခွင့်အလမ်းများ မဆုံးရှုံးစေရေး ဆောင်ရွက်ပေးမည်ဟုလည်း ကတိပြုမဲဆွယ်ခဲ့သည်။

ယင်းအပြင် နေပြည်တော်တွင် တခါက ရန်ကုန်တက္ကသိုလ်ကဲ့သို့ နိုင်ငံတကာအဆင့်မီသည့် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ပေါ်ပေါက်ရေး ဆောင်ရွက်ပေးမည်ဟုလည်း မဲဆွယ်ထားသေးသည်။

ရွေးကောက်ပွဲတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးသာအောင်၊ ပြည်ခိုင်းဖြိုးပါတီမှ ဒေါ်ဝင်းဝင်းသီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန်းစိုးအောင်၊ တသိပုဂ္ဂလကိုယ်စားလှယ် ဦးမြင့်အောင်သန်း၊ မြန်မာအမျိုးသားကွန်ကရက်ပါတီမှ ဦးနိုင်လင်းဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးဌေးလှိုင်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ပျဉ်းမနားမြို့တွင် မဲဆန္ဒရှင်ဦးရေ ၁၁၇,၂၁၃ ဦးရှိကြောင်း စက်တင်ဘာလ ၁၄ ရက်က ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ရက်တွင် ထုတ်ပြန်ထားသည့် ဒုတိယအကြိမ် မဲစာရင်းအရ သိရသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...