"ကျွန်တော်တို့ ၈ရက်နေ့ကတည်းက ကိုကိုးကျွန်းကိုသွားဖို့ မြို့နယ်ထွေအုပ်ကိုတင်တယ်။ မြို့နယ်က တိုင်းအစိုးရကို လျှောက်ရ တယ်ဆိုလို့ ၁၀ ရက်နေ့မှာ ထပ်ပြီး တိုင်းကိုတင်ထားတယ်။ ၁၄ ရက်ကမှ ပစ္စည်းစာရင်း၊ လူစာရင်းတောင်းတယ်။ ဘယ်တော့သွားရမလည်းဆိုတာက အခုထိ လုံးဝမသိရသေးဘူး။"ဟု ၎င်းက ပြောသည်။
ကိုကိုးကျွန်းမြို့နယ်၌ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၀၀၀ ကျော် သာ ရရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဌ ဦးမြတ်စိုးက မဇ္စျိမသို့ ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအားလုံးကို စက်တင်ဘာ ၈ရက်မှ နိုဝင်ဘာ ၆ ရက်နေ့အထိ မဲဆွယ်စည်းရုံးနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရက်ပေါင်း ၆၀ ခွင့်ပြုထားသည်။
"NLD ကပဲ လျှောက်သေးပါတယ်။ လူ ၆ဦး တင်ထားတယ်။ မနေ့ကပဲ တိုင်းကို တင်ပေးလိုက်တယ်။ ပြန်ပြီး အကြောင်းကြားတာ မရသေးဘူး။ မဲဆွယ်ဖို့ကိစ္စအတွက် NLD တစ်ခုကပဲ တင်ထားသေး တယ်။ တခြားသူတွေ တင်တာတော့ မတွေ့ဘူး။"ဟု ရန်ကုန်တောင်ပိုင်းခရိုင်မှူး ဦးကျော်ဝင်းဦးက ပြောသည်။
ကိုကိုးကျွန်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အာဏာရပါတီပြည်ခိုင်ဖြိုးမှ ကာကွယ်ရေးဦးစီးချုပ်ရေ (ငြိမ်း) သူရဦးသက်ဆွေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဝင်းမင်းတို့ နှစ်ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
"ပြည်ခိုင်ဖြိုးကပြိုင်မယ့် သူရဦးသက်ဆွေက မဲဆွယ်စည်းရုံးဖို့ မသွားသေးပါဘူး။ သူသွားရင်လည်း တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးက လိုက်သွားရမှာပါ။ အခုထိတော့ မသွားသေးဘူး။" ဟု ရန်ကုန်တောင်ပိုင်း ခရိုင်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးလွင်ဦးက ဆိုသည်။
၎င်းမြို့နယ်သို့သွားရောက်လိုသူများက ရန်ကုန်တောင်ပိုင်းခရိုင်ရုံးတွင် တွဲလျက်ဖွင့်လှစ်ထားသည့် ကိုကိုးကျွန်းမြို့နယ်ရုံးသို့ ဦးစွာ လျှောက်ထားပြီးမှ လေယာဉ်ကြံု၊ သဘောင်္ကြံုတို့ဖြင့် သွားလာရသည်ဟု ရန်ကုန်တောင်ပိုင်းခရိုင်မှူး ဦးကျော်ဝင်းဦးက စက်တင်ဘာ ၁၆ရက်နေ့၌ မဇ္စျိမသို့့ ပြောသည်။
ရန်ကုန်တိုင်းရှိ မြို့နယ်ပေါင်း ၄၅ ခုတွင်ပါ၀င်သည့် ကိုကိုးကျွန်းမြို့နယ်၌ တပ်မတော်အခြေစိုက်စခန်းများ တည်ရှိနေသည်။







