ငွေကြေးအခက်အခဲကြောင့် NDF အမတ်လောင်းများ နေပြည်တော်တွင် မဲမဆွယ်နိုင်သေး

ငွေကြေးအခက်အခဲကြောင့် NDF အမတ်လောင်းများ နေပြည်တော်တွင် မဲမဆွယ်နိုင်သေး
by -
မဇ္ဈိမ
အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေတွင် ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)ကိုယ်စားပြု အမတ်လောင်းများမှာ ငွေကြေး အခက်အခဲကြောင့် မဲဆွယ်စည်းရုံးနိုင်ခြင်း မရှိသေးဟု ဥတ္တရသီရိမြို့နယ်တွင် ဝင်ပြိုင်မည့် NDF အမတ်လောင်း ဦးအောင်ဇင်က စက်တင်ဘာ ၁၆ ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

“ရှေ့လ ၁ရက်နေ့တော့ စလုပ်ဖြစ်မှာပါ” ဟု ဦးအောင်ဇင်က ပြောသည်။

နိုဝင်ဘာ ၈ရက်မတိုင်ခင် ရက်ပေါင်း ၆၀အတွင်းသာ မဲဆွယ်စည်းရုံးခွင့်ရှိသည်ဟု ကော်မရှင်က ထုတ်ပြန်ကြေငြာထားသည့် အတွက် နေပြည်တော်တွင် ဝင်ပြိုင်မည့် NDF အမတ်လောင်းများမှာ ရက်ပေါင်း ၃၀ကျော်သာ မဲဆွယ်ရန် အချိန်ရတော့မည့် သဘောဖြစ်သည်။

NDFပါတီကိုယ်စားပြုပြီး နေပြည်တော်တွင် အမတ်လောင်း ငါးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းတို့မှာ ပြည်သူ့လွှတ်တော်နေရာ အတွက် ဥတ္တရသီရိမြို့နယ်တွင် ဦးအောင်ဇင်၊ ဇဗ္ဗူသီရိတွင် ဦးအောင်ခိုင်မိုး၊ ပျဉ်းမနားတွင် ဦးဌေးလှိုင်၊ လယ်ဝေးတွင် ဒေါ်စုရည်ဖြိုးအောင်နှင့် အမျိုးသားလွှတ်တော်နေရာအတွက် မန္တလေးတိုင်းမဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးဇော်နိုင်ဦးတို့ ဖြစ်သည်။

“ငွေရေးကြေးရေးကတော့ တစ်ခြားပါတီလောက်တော့ ကျွန်တော်တို့က မသုံးနိုင်ဘူးပေါ့ဗျာ။ အဆင်ပြေလောက်အောင်တော့ သုံးဖို့လျာထားတာ ရှိပါတယ်။ ရွေးကောက်ပွဲဆိုတာက ပြီးခဲ့အခါမှ တအားသွန်ပြီးတော့ လုပ်တာက ပိုကောင်းတာကိုး၊ အခုကတော့ ရုပ်လုံးပြသဘောလောက်ပဲ ဆင်းမှာပါ” ဟု NDFပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမသို့ ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မဲဆန္ဒနယ်ပေါင်း ၁၀နေရာတွင် NDF ပါတီအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီနှင့် တသိပုဂ္ဂလအမတ်လောင်း စုစုပေါင်း ၄၃ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါ ၄၃ဦးတွင် အမျိုးသမီးအမတ်လောင်း ၃ဦးသလို အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဖြစ်သူ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်တို့လည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...