စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်၊ သဘင်ဆောင်တွင်ပြုလုပ်ရာ ထိုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
“အာဏာရှင်စနစ်တွင် အာဏာရှင်တစ်ဦး၏ အမှားကို ကုစားရန် နည်းလမ်းမရှိ၊ လူသည် မှားတတ်သော သတ္တဝါဖြစ်သည်။ အမှားကို ကုစားနိုင်ခြင်း မရှိက လူထုနာမည်။ ဒီမိုကရေစီ စနစ်တွင် အမှားကို ကုစားရန် နည်းလမ်းရှိသည် ကနဦး ကတည်းက မမှားရအောင်လည်း အများက စုပေါင်း ဆုံးဖြတ်သည်။ မှားသွားပါကလည်း အများဆန္ဒဖြင့် အမှားပြင်နိုင်သည်”ဟု ဦးခင်အောင်မြင့်၏ သဝဏ်လွှာတွင် ဖေါ်ပြသည်။
ထို့အပြင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ ပြည်သူများသည် ဒီမိုကရေစီအရေးထက် ဝမ်းရေးခက်နေကြ သည်ဟု သူယူကြောင်းလည်း ဆိုသည်။ “ဒီမိုကရေစီရေးထက် ဝမ်းရေးကိုသာ အာရုံရောက်မည်မှာ သဘာဝ ကျပါသည်။ ဝမ်းစာရေးတည်းဟူသော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ဒီမိုကရေစီ စနစ်တည်းဟူသော အမှတ်အသား နှစ်ခုအကြားတွင် တိကျသေချာသော ညီမျှခြင်း အဖြေမရှိသော ကြောင့် လည်း စိတ်ဝင်စားမှု မရှိခြင်း ဖြစ်ပါသည်”ဟု ဆိုသည်။
ဒီမိုကရေစီရသည်နှင့် စီးပွားရေးနှင့် လူမှုရေး ပြဿနာများ ဖြေရှင်းသွားလိမ့်မည်ဟု ဒီမိုကရေစီ စနစ်က အာမခံထားခြင်းမရှိကြောင်းလည်း သူကဆိုသည်။ “ဒီမိုကရေစီ စနစ်သည် အပြောကျယ်လှသည်။ နိုင်ငံရေး သမားများက ဒီမိုကရေစီ တံဆိပ်ကို ဆင်မြန်းပြီး ဒီမိုကရေစီ ဝေါဟာရကို အာတွေ့နေသော်လည်း ကမ္ဘာ့ပညာရှင် အများစုကမူ ဒီမိုကရေစီ စနစ်အပေါ် သုတေသန ပြုမဆုံး ဆွေးနွေး မဆုံး ဖြစ်နေဆဲပင်”ဟုလည်း ဦးခင်အောင်မြင့်၏ သဝဏ်လွှာတွင် ပါရှိသည်။
ဒီမိုကရေစီ စနစ်အတွက် အဖျက်မျိုးစေ့ဟု သုံးနှုန်းကာ “ထိုမျိုးစေ့မှာ အစွန်းရောက်မှုပင်ဖြစ်သည် ထိုအဖျက်မျိုးစေ့ကို ထိန်းနိုင်လျှင် ဒီမိုကရေစီ တည်ဆောက်ရေး လမ်းကြောင်းတွင် ဖြေလျော့ရေးမှ ကူးပြောင်းရေး ထိုမှတစ်ဆင့် ဒီမိုကရေစီ ခိုင်မာရေးသို့ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်ပေသည်”ဟု ဦးခင်အောင်မြင့်က ဆိုသည်။ ဒီမိုကရေစီ စနစ်အတွက် အတွေ့အကြံုနှင့် အသိပညာပြည့်ဝသည့် မျိုးဆက်သစ်များ ပြုစုပျိုးထောင်နိုင်ရန်နှင့် ဒီမိုကရေစီ အရေးအတွက် ပြည်သူအားလုံး အာရုံထားကြရန်လည်း တိုက်တွန်းခဲ့သေးသည်။







