"သမ္မတကြီးက စာရေးထားတယ်။ သူတို့ဆီက ဘာပြန်လာလည်းတော့ ငါလည်း မသိဘူး။"ဟု ပြောသည်။ အစိုးရ၏ တပ်မတော်နှင့် MNDAA တို့သည် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့တိုင် ထိတွေ့မှုများ အနည်းငယ်ရှိနေသေးသည်ဟု MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက စက်တင်ဘာ ၁၄ ရက်တွင် မဇ္စျိမသို့ ပြောသည်။
"ကျွန်တော်တို့ဆီကို သမ္မတပဲဖြစ်ဖြစ် ဦးအောင်မင်းပဲဖြစ်ဖြစ် စာပို့ပြီး ဆွေးနွေးမယ့်ကိစ္စကို ပြောတာ ဒီနေ့အထိ မရှိပါဘူး။ တိုက်ပွဲတွေတော့ ဖြစ်နေတာ ရှိတယ်။ ကျွန်တော်တို့ကတော့ အကုန်လုံး ပါဝင်ရေးဆိုတာကို ဆက်ပြီး ဆွဲကိုင်ထားမှာပါပဲ"ဟု ၎င်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန်ကလည်း NCA စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၅)ဖွဲ့အား ၂၀၁၅ ခု သြဂုတ် ၁၁ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူ ပြီးနောက် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်အထိ ကာလအတွင်း တည်ရှိခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ဖိတ်ခေါ်ခဲ့သည့် အဖွဲ့အရေအတွက် အတိုင်း NCA ကို လက်မှတ်ထိုးရန် အစိုးရက ပြင်ဆင်ထားခြင်းဖြစ်သည်ဟု ဦးအောင်မင်းက ပြောသည်။
စက်တင်ဘာ ၁၄ ရက်နေ့က MPC ၌ ပြုလုပ်သည့် နိုင်ငံရေးပါတီများအား အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးအပြီး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။ အစိုးရနှင့် လက်မှတ်ထိုးမည့်အဖွဲ့များမှ '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် MDAA-ESS (မိုင်းလား) အဖွဲ့တို့ကို စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပြီး၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (ကပ်ပလန်) ကို စက်တင်ဘာ ၁၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဟု ဦးအောင်မင်းက ပြောဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုတို့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို သြဂုတ် ၉ရက်တွင် သဘောတူညီခဲ့ပြီး ပါ၀င်လက်မှတ်ထိုးမည့်အဖွဲ့များနှင့်ပတ်သက်၍ နှစ်ဖက်အကြားဆွေးနွေးနေဆဲဖြစ်သည်။ စက်တင်ဘာ ၉ ရက် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံခဲ့စဉ် လက်မှတ်ထိုးမည့်ရက်ကို အောက်တိုဘာ ပထမအပတ်ဟု နှစ်ဖက်ညှိနှိုင်းလျာထားခဲ့ကြသည်။







