သူရဦးရွှေမန်းက “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးရရှိအောင် အားလုံးပါဝင်ဆောင်ရွက်နေကြရမှာ ဖြစ်ပါ တယ်။ ဒီလိုမဆောင်ရွက်လျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးကို တနည်း မဟုတ်တစ်နည်းထိခိုက်ပြီး နာကျင်မှုခံစားရမှာက ပြည်သူများသာ ဖြစ်ကြပါလိမ့်မယ် လွှတ်တော် ကိုယ်စားလှယ်ခင်ဗျား”ဟု ပြောကြားသည်။
၎င်းက သြဂုတ် ၂၇ ရက်၊ ပြည်သူ့လွှတ်တော် ၁၂ကြိမ်မြောက် ပုံမှန် အစည်းအဝေးအပြီးတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့်နိုဝင်ဘာ ၈ ရက် တွင် ပါတီစုံအထွေအထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် ရ၃ ရက်သာ လိုတော့ရာ အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်း မြင်သာမှုရှိစေရန် ဆောင်ရွက်ရမည်မှာ ရွေးကောက်ပွဲ ကော်မရှင်များ၌သာ တာဝန်ရှိသည် မဟုတ်ဘဲ နိုင်ငံတော် အစိုးရ အုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေပြုအဖွဲ့၊ ပါတီများ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လောင်းများနှင့် ပြည်သူအားလုံးတွင် တာဝန်ရှိသည်ဟု ခံယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။
ယင်းအပြင် သြဂုတ် ၂၈ ရက်နေ့တွင် လွှတ်တော် အစည်းအဝေးများ ပြီးဆုံးမည်ဖြစ်ပြီး အစည်းအဝေး ရပ်နားချိန်တွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များက ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အတွက် ပါဝင်ရန် ကြိုးစားနေခြင်းကိုလည်း ၎င်းအနေဖြင့် ကြိုဆိုကြောင်းနှင့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းတွင် ပြည်သူ့အတွက် အကောင်းဆုံးလုပ်ဆောင်ပြီး တာဝန်ကျေသော၊ သစ္စာရှိသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်စေရန် ဆောင်ရွက်သွားမူမှာ ပို၍ အရေးကြီးသည်ဟု လည်း သူရ ဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအား အမှားစကားပါးခဲ့သည်။
ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် သက်တမ်း ကုန်ဆုံးမည့် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ပြည်သူကိုယ် စားလှယ်ဖြစ်နေခြင်းကြောင့် အဆိုပါနေ့ရက်အထိ ပြည်သူများ၏ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို လွှတ်တော်ရပ်နားချိန်တွင်လည်း လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ကော်မတီများ၊ ကော်မရှင်များက အစည်းအဝေးများ ပြုလုပ်၍ ညှုုိနှိုင်းတိုင်ပင် ပူပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်တာဝန်ပေးအပ်ထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။







