ယင်းသို့ လက်မှတ်ထိုးလိုက်ပါက "ကလေးသူငယ်များ၏ အခွင့်အရေးကို တိုးမြှင့်ကာကွယ် စောင့်ရှောက်ရန် ခိုင်မာစွာ ပြသရာရောက် မည်"ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ရှင်းလင်း ပြောဆိုသည်။
ထို့နောက် လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့ရာ လွှတ်တော်က အတည်ပြုလိုက်သည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ခဲ့သော လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသည့် ကလေး သူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ထိုးရန်ကိစ္စကို သြဂုတ် ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ ဦးခိုင်မောင်ရည်၊ ဒေါက်တာမေဝင်းမြင့် တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။
အဆိုပါ နောက်ဆက်တွဲ အခြေပြစာချုပ်တွင် (၁၅၉) နိုင်ငံ ပါဝင်လက်မှတ် ရေးထိုးထားသည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် ၈ နိုင်ငံရေးထိုးထားပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ဖြစ်သည်။
ယင်းစာချုပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှ ကလေးအခွင့်အရေးသဘောတူညီမှု နောက်ဆက်တွဲအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး စာချုပ်အရ ၁၈ နှစ်အောက် ကလေးများကို စစ်တပ်ထဲ သွပ်သွင်းခြင်း မပြုရ၊ မိမိသဘောဖြင့် ဝင်လာလျှင်လည်း တိုက်ပွဲများ၌ အသုံးပြုခွင့်မရှိဟု သိရသည်။







