မိုးဒဏ်၊ ရေဒဏ်ကြောင့် တံတား ၉၈စင်း ပျက်စီးခဲ့ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်

မိုးဒဏ်၊ ရေဒဏ်ကြောင့် တံတား ၉၈စင်း ပျက်စီးခဲ့ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်
by -
မဇ္ဈိမ
ဇူလိုင်နှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေဘေးအန္တရာယ်တို့ကြောင့် နိုင်ငံအဝှမ်းရှိ တံတား ၉၈ စင်း ပျက်စီးသွားသည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဩဂုတ် ၂၆ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

တံတားများပျက်စီးသွားသော ပြည်နယ်နှင့်တိုင်းများမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ ဖြစ်သည်။

ပျက်စီးမှုများအနက် စစ်ကိုင်းတိုင်းတွင် တံတား ၂၇ စင်း၊ ရခိုင်ပြည်နယ်တွင် ၂၀ စင်းနှင့် မန္တလေးတိုင်းတွင် ၁၆ စင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များအနက် အများဆုံးပျက်စီးခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ တံတားများပျက်စီးမှုကြောင့် အဆက်အသွယ်ပြတ်တောက်မှုမရှိစေရန် ယာယီဘေလီ တံတားများကို ပြန်လည်တည်ဆောက်ခဲ့ရာ ဩဂုတ် ၁၇ရက်နေ့အထိ ၈၉ စင်း တည်ဆောက်ပြီးခဲ့ပြီဟုလည်း ဆိုသည်။

“ပြင်ဆင်ရန်ကျန်ရှိသော ပေ(၅၀)နှင့် ပေ (၁၈၀)အောက် တံတား ၄စင်း၊ ပေ (၁၈၀)နှင့်အထက် တံတား (၅)စင်း၊ စုစုပေါင်း တံတား(၉) စင်းကို ယာယီဘေလီတံတားများ အမြန်ပြီးစီးရေးအတွက် တံတား အထူးအဖွဲ့(၉)ဖွဲ့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တံတားပျက်စီးမှုများအပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ တိုင်းနှင့် ပြည်နယ်အချို့တွင် တောင်ပြို၍ လမ်းများပိတ်ခြင်း၊ လမ်းသားများ ရေတိုက်စားခြင်း၊ လမ်းသားပျက် ကျခြင်းနှင့် နိမ့်ကျခြင်း၊ ကပ်ကပ်ခုံများ ရေတိုက်စားပျက် စီးခြင်း၊ မြေထိန်းနံရံပြိုကျပျက်စီးခြင်း၊ ရေပြွန်တံတားများပျက်စီးခြင်း၊ တံတားချဉ်းကပ်လမ်းများ ရေတိုက်စားခြင်း၊ တောင်ကမ်းပါးယံများ ပြိုကျခြင်း၊ လမ်းတာဘောင်များ ရေတိုက်စားခြင်းနှင့် မြေကာနံရံပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...