ရေဘေးကယ်ဆယ်ရေး ဦးစားပေးနေရသဖြင့် WFP ၏ ပုံမှန်လုပ်ငန်းများ ခေတ္တရပ်/ ယာယီလျော့ချမည်

ရေဘေးကယ်ဆယ်ရေး ဦးစားပေးနေရသဖြင့် WFP ၏ ပုံမှန်လုပ်ငန်းများ ခေတ္တရပ်/ ယာယီလျော့ချမည်
by -
မဇ္ဈိမ
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ရေဘေးသင့်ပြည်သူများအတွက် ဦးစားပေး ထောက်ပံ့သွားမည်ဖြစ်သဖြင့် ပုံမှန်လုပ်ငန်းအစီအစဉ်များကို ခေတ္တရပ်နားခြင်း သို့မဟုတ် လျော့ချသွားမည်ဟု WFP က ထုတ်ပြန်လိုက်သည်။

WFP က ဆောင်ရွက်နေသည့် ရပ်ရွာပိုင်ရင်း မြစ်များဖာ်ဆောင်ခြင်း၊ ကျောင်းတွင်းရိက္ခာထောက်ပံ့မှု၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အတွက် အာဟာရထောက်ပံ့ခြင်းနှင့် အေအိုင်ဒီအက်စ်နှင့် တီဘီဝေဒနာရှင်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း အစီအစဉ်များကို ခေတ္တရပ်နားထားမည်ဟု သြဂုတ် ၂၆ ထုတ်ပြန်ချက်က ဖော်ပြသည်။

ထို့အတူ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များမှ အိုးအိမ်/နေရပ် စွန့်ခွာထွက်ပြေးရသူများအတွက် စားနပ်ရိက္ခာ အထောက်အပံ့များကိုလည်း ယာယီလျော့ချသွားမည်ဖြစ်ရာ သြဂုတ်လ၌ ပဲ၊ စားသုံးဆီနှင့် ဆားမပါဝင်ဘဲ ဆန်တစ်မျိုးတည်းသာ ရရှိတော့မည်ဖြစ်သည်။

ယင်းသို့ ယာယီဖြတ်တောက်/ လျော့ချမှုတွင် အာဟာရချို့တဲ့သည့် ကလေးသူငယ်များ မပါဝင်ဘဲ အာဟာရမှုန့်များကို ပုံမှန်အတိုင်းကြောင်း ဆက်လက်ရရှိမည်ဖြစ်သည်။

WFP သည် ရေဘေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၃ သန်း အရေးတစ်ကြီး လိုအပ်နေပြီး ပုံမှန်လုပ်ငန်းများကိုလည်း ယခုနှစ်ကုန်အထိ ဆက်လက်လုပ်ဆောင်သွားနိုင်ရန် အမေရိကန်ဒေါ်လာ ၁၇ သန်း လိုနေသည်ဟု ဆိုသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သဘာဝဘေးအန္တရာယ်ကျရောက်ခံစားနေရသည့် ပြည်သူ ၄ သိန်းကျော်အတွက် ကယ်ဆယ်ရေးစားနပ်ရိက္ခာများ ထောက်ပံ့ပေးပြီးဖြစ်သည်ဟု WFP က ထုတ်ပြန်သည်။

WFP က အရေးပေါ်ကယ်ဆယ်ရေးကို စတင်ဆောင်ရွက်ခဲ့ချိန် သြဂုတ် ၂ ရက်နေ့မှစ၍ လက်ရှိကာလအထိ ဖြစ်ပြီး ရေဘေးသင့်ပြည်သူ ၄,၀၈၀,၀၀ ကျော်အား ကူညီခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေဘေးသင့်ပြည်သူများအတွက် တစ်လစာ ဆန်၊ ပဲ၊ စားသုံးဆီနှင့် ဆားတို့ ကူညီနေခြင်းဖြစ်သည်။ အချို့ကို ရက်သတ္တပတ်စာ အာဟာရဖြည့် ဘီစကစ်ကို ထောက်ပံ့ပေးခြင်းဖြစ်သည်။

“ကုလ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ကယ်ဆယ်ရေးရိက္ခာများထောက်ပံ့ပေးခြင်းဖြင့် နိုင်ငံတော် အစိုးရအား ပံ့ပိုးပေးလျှက်ရှိပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လမ်းတွေ ပျက်စီးခဲ့တဲ့အတွက် ခြေလျင်ခရီးနဲ့ပဲ သွားနိုင်တဲ့ဒေသတွေက ပြည်သူတွေအတွက်လည်း ထောက်ပံ့ပေးခဲ့ပါတယ်။”ဟု WFP ဌာနေကိုယ်စားလှယ် Dom Scalpelli က ပြောသည်။

WFP အစီအစဉ်၏ စားနပ်ရိက္ခာ မက်ထရစ်တန် ၂,၅၀၀ ကျော်ကို အစိုးရ၊ အဲပုဂံ၊ အဲကမ္ဘောဇ၊ ရွှေမြန်မာနှင့် မြန်မာနိုင် ငံလေကြောင်းလိုင်းများက ရေဘေးသင့်ဒေသများသို့ အခမဲ့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ အသိမှတ်ပြု ဖော်ပြထားသည်။

ယခုကဲ့သို့ ဆောင်ရွက်မှုကို အောင်မြင်မှုတစ်ခုအဖြစ် WFP ဌာနေကိုယ်စားလှယ်က ယူဆပြီး အလှူရှင်နိုင်ငံ/ အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်မှု မိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်သည်ဟု ဆိုသည်။

WFP စားနပ်ရိက္ခာအစီအစဉ်သည် အစိုးရ၊ အခြားကုလအေဂျင်စီများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ကချင်၊ ကရင်၊ ချင်း၊ မွန် နှင့် ရခိုင်ပြည်နယ်၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှ သဘာဝဘေးသင့်ပြည်သူ ၄,၄၀၀,၀၀ ကျော်အတွက် စားနပ်ရိက္ခာများကို စက်တင်ဘာလအစောပိုင်း၌ အပြီးသတ်ထောက်ပံ့ပေးရန် ရည်ရွယ်ထားသည်။

ဇွန်၊ ဇူလိုင်၊ သြဂုတ်အတွင်း မိုးသည်းထန်ပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုများကို ပြည်သူ ၁ သန်း ၆ သိန်း ၂ သောင်း ၉ ထောင် ကျော် တွေ့ကြံုခံစားခဲ့ရပြီး အခြေခံအဆောက်အဦများ၊ ဆန်စပါးသီးနှံများ၊ စွားပွားရေး လုပ်ငန်းများ၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုများ ဆိုးရွာစွာ ထိခိုက်ခဲ့သည်။ လူ ၁၂၁ ဦး သေဆုံးသည်ဟုလည်း အစိုးရ၏ သြဂုတ် ၂၅ ရက်နေ့က ထုုတ်ပြန်သည့် စာရင်းအရ သိရသည်။

သြစထြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဂျာမနီ၊ ဂျပန်၊ မြန်မာ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများအပြင် WFP အတွက် ကုလအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး ဗဟိုရံပုံငွေ၊ ပုဂ္ဂလိက တို့ထံမှ ယခင်နှင့် လတ်တစ်လောရရှိငွေများဖြင့် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...