သံလွင်မြစ်ပေါ်က ရေကာတာများ ရပ်တန်ရေး စီမံကိန်းအတွက် စစ်တမ်းကောက်နေသည့် သြစတြေးလျ ကုမ္ပဏီထံ ကန့်ကွက်စာပို့

သံလွင်မြစ်ပေါ်က ရေကာတာများ ရပ်တန်ရေး စီမံကိန်းအတွက် စစ်တမ်းကောက်နေသည့် သြစတြေးလျ ကုမ္ပဏီထံ ကန့်ကွက်စာပို့
by -
မဇ္ဈိမ
ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ်ရှိ သံလွင်မြစ်ပေါ်က ရေကာတာ စီမံကိန်းများကို လက်မခံကြောင်း ရှမ်းလူထု နှစ်သောင်းကျော်က လက်မှတ်ထိုးကာ စီမံကိန်းအတွက် သဘာဝ ပတ်ဝန်းကျင် နှင့် လူမှုရေးအကျိုးသက်ရောက်မှုစစ်တမ်း (EIA/SIA) ကောက်ယူနေသည့် သြစတြေးလျ ကုမ္ပဏီ Snowy Mountains Engineering Corporation (SMEC) ထံသို့ ကန့်ကွက်စာ သွားရောက်ပေးပို့ခဲ့သည်။

“ဒီနေ့တော့ SMEC ကုမ္ပဏီ ကိုပဲ သွားပေးဖြစ်တယ်။ သူတို့နဲ့ စကားပြောခွင့်ရတယ်ပေါ့။ အဲတော့ သံရုံးကိုတော့ သွားမပေးဖြစ်တော့ဘူး။ ကုမ္ပဏီက ကျွန်မတို့ သွားတင်တာကို လက်ခံပြီး စကားပြောတဲ့အတွက် သံရုံးကို မသွားတော့တာပါ”ဟု ရှမ်းပြည်မြစ်ချောင်းများကွန်ယက်၏ အဖွဲ့ဝင် နန်းခမ်းနောင့်က မဇ္ဈိမကို ပြောသည်။

မူလက ရှမ်းပြည်မြစ်ချောင်းများကွန်ယက်က ဦးဆောင်ပြီး ရှမ်းပြည်သူများက ရန်ကုန်မြို့အခြေစိုက် SMEC ကုမ္ပဏီ နှင့် သြစတြေးလျကောင်စစ်ဝင်ရုံးကို ကန့်ကွက်စာပေးပို့ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သြဂုတ် ၂၅ရက်တွင် ရှမ်းပြည်မြစ်ချောင်းများကွန်ယက်က နန်းခမ်းမိုင်၊ နမ်းခမ်းနောင့်၊ နန်းခမ်းယိင်းနောင့် တို့ သုံးဦးနှင့်အတူ ရှမ်းဒေသခံ အချို့က SMEC ရုံးသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး SMEC ရန်ကုန် ရုံး၏ မန်နေဂျာ နှင့် တွေ့ဆုံစကားပြောခဲ့သည်ဟု ဆိုသည်။

တွေ့ဆုံရာတွင် SMEC က ကောက်ယူထားသည့် စစ်တမ်းသည် လက်တွေ့နှင့် ကွဲလွဲနေမှုကို ဒေသခံများက ရှင်းပြခဲ့ပြီး စစ်တမ်းကောက်ခံရာတွင် ဒေသခံများနှင့် ဒေသခံ အဖွဲ့အစည်းများ ကိုယ်တိုင်ကောက်ခံရန် ပြောကြားခဲ့သည်။ သို့သော် ယင်းသို့ လုပ်ဆောင်ပါက အချက်အလက်များ လွဲမှားနိုင်မှု ရှိနိုင်သည်ဟုဆိုကာ ကုမ္ပဏီက ထိုအချက်ကို ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။

“ပူးပေါင်းလုပ်ဖို့တော့ ခက်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် လူထုက လုံးဝလက်မခံတာကိုး။ သူတို့ကတော့ ဆက်ပြီးတော့မှ ကြိုးစားမယ်ပေါ့။ ပြီးတော့ ဒီအချက်အလက်တွေကို ပြည်သူတွေကို ချပြမယ်လို့တော့ ပြောပါတယ်”ဟု နန်းခမ်းနောင့်က မဇ္ဈိမကို ပြောသည်။

ဒေသခံများက ကန့်ကွက်လျက်ရှိသည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်နှင့်ပတ်သက်ပြီး SMEC က သြဂုတ် လဆန်းပိုင်းက ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ရေကာတာ စီမံကိန်း များနှင့် ပတ်သက်၍ အကောင်အထည်ဖော်နေသည့် ဘက်မှ ကာကွယ်ပြောဆိုမှု နှင့် ထုတ်ပြန်သည့် အစီရင်ခံစာပါ အချက်အလက်အချို့ မှားယွင်းနေ၍ ဒေသခံများ နှင့် အဖွဲ့အစည်း အချို့က ကန့်ကွက် ခဲ့သေးသည်။

ဒေသခံအဖွဲ့အစည်းများက ယင်းဆည်ကို အပြင်းအထန် ကန့်ကွက်နေသည့်ကြားက သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုများအပေါ် အလေးထားကာ နိုင်ငံတကာအကောင်းဆုံးလုပ်ထုံးများကို လိုက်နာလျက်ရှိသည်ဟု SMEC က ပြောကြားခဲ့ခြင်းသည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် တည်ဆောက်နေသည့် မိုင်းတုံ ရေကာတာကို China Three Gorges Corporation နှင့် Thailand's Electricity Generating Authority တို့က ရန်ပုံငွေထည့်ဝင်ထားပြီး မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်စီမံကိန်းဌာန နှင့် အိုင်ဂျီအီးစီ International Group of Entrepreneurs တို့က ပူးပေါင်းဆောက်လုပ်နေခြင်းဖြစ်သည်။

မိုင်းတုံရေကာတာမှ လျှပ်စစ်ဓါတ်အား ရ၀၀၀ မီကာဝပ် ထွက်မည်ဖြစ်ပြီး ဓါတ်အား၏ ၉၀% ရာခိုင်နှုန်းမှာ တရုတ်နှင့် ထိုင်းနိုင်ငံသို့ သွယ်ပို့အသုံးပြုမည်ဖြစ်သည်။

ဒေသခံအဖွဲ့အစည်းများက ယင်းဆည်ကို အပြင်းအထန်ကန့်ကွက်နေသည့်ကြားက သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုများအပေါ် အလေးထားကာ နိုင်ငံတကာအကောင်းဆုံး လုပ်ထုံးများကို လိုက်နာလျက်ရှိသည်ဟု SMEC က ပြောကြားသည်။

ဆည်စီမံကိန်းကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ မှ ၃၀၀,၀၀၀ ကြား နေရပ်ပြောင်းရွှေ့ရဖွယ် ရှိနေသည်။

သံလွင်မြစ်ပေါ်တွင် မိုင်းတုံ (တာစန်း) ရေကာတာအပါအဝင် ကွမ်းလုံ၊ နောင်ဖ၊ မန်တောင်း၊ ဟက်ကြီး နှင့် ရွှေလီ ၃ အထက်ရဲရွာ စီမံကိန်း ခြောက်ခုကို အကောင်အထည်ဖော်ရန် ရည်မှန်းထားခြင်းဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...