ခွဲခြားဆက်ဆံသည့်ဥပဒေများကြောင့် လူ့အသိုင်းအဝိုင်းများကြား တင်းမာမှုများဖြစ်လာနိုင်

ခွဲခြားဆက်ဆံသည့်ဥပဒေများကြောင့် လူ့အသိုင်းအဝိုင်းများကြား တင်းမာမှုများဖြစ်လာနိုင်
by -
မဇ္ဈိမ
နိုင်ငံတော် သမ္မတဦးသိန်းစိန် အနေဖြင့် အခြေခံလူ့အခွင့်အရေး ကိုချိုးဖောက်သော ဥပဒေနှစ်ခုကို လက်မှတ်ရေးထိုးခြင်း အား  ငြင်းပယ်သင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဩဂုတ် ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၁၅ ခုနှစ် ဩဂုတ် ၂၀ ရက်က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဥပဒေများဟု ခေါ်ဆိုသည့် အငြင်းပွားဖွယ်ဖြစ်န်ိုင်သည့် ဥပဒေ လေးခု အနက်နှစ်ခုဖြစ်သော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ အဆိုပါ အငြင်းပွားဖွယ်ဥပဒေလေးခုမှာ ဘာသာရေး ကို အခြေခံသည့် ခွဲခြားဆက်ဆံမှုကို ခိုင်မာစေမည့်အပြင် ဘာသာရေးယုံကြည်ချက်နှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်ရာလည်း ရောက်နေသည်ဟု HRW ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

HRW၏ အာရှ ဒု-ညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန်က “ဒီလိုဥပဒေကြမ်းနှစ်ခုကို အတည်ပြုပေး လိုက်တာဟာ ပါလီမန်အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို လစ်လျူရှုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ တင်းမာတဲ့ လူ့အသိုင်းအဝိုင်းတွေရဲ့ဆက်ဆံရေး ကို တောက်လောင်စေမဲ့၊ သမိုင်းဝင်ရွေးကောက်ပွဲ တွေမတိုင်ခင် ခိုင်မာမှုမရှိသေးတဲ့ အသွင်ကူးပြောင်းမှုကာလကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်״ဟု ပြောသည်။

“ဦးသိန်းစိန်အနေနဲ့ လူ့အခွင့်အရေးကို ရပ်တည်ကာကွယ်၊ ဥပဒေကို လက်မှတ်ထိုးဖို့ ငြင်းပယ်ပြီး ခိုင်မာတဲ့ဦးဆောင်မှုကို ပြသသင့်ပါ တယ်״ဟုလည်း ၎င်းက ပြောသည်။

မေလက အတည်ပြုခဲ့သော  လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေနှင့် ဇူလိုင်လက အတည် ပြုခဲ့သော်လည်း ဥပဒေအဖြစ် လက်မှတ်မထိုးရသေးသည့် ဘာသာမတူသူများကြား လက်ထပ်မှုဥပဒေ (မြန်မာဗုဒ္ဓဘာသာဝင်မိ်န်းမများ  အထူး ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ ) အပါအဝင် အငြင်းပွားဖွယ် ဥပဒေများကို ကျင့်သုံးရန် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) က  ၂၀၁၃ ခုနှစ် နောက်ပိုင်းကတည်းက အစိုးရကို ပထမဆုံးတိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းက ဘာသာရေးဆိုင်ရာ ထုတ်ဖော်ကြေညာမှု နှင့် ကူးပြောင်းမှုတို့ကို နိုင်ငံတော်က စည်းကမ်းသတ်မှတ်နိုင်သည်ဖြစ်ရာ ဘာသာတရားနှင့် အသိစိတ် လွတ်လပ်ခွင့်ကို နိုင်ငံတော်က ဝင်ရောက်စွက်ဖက်ခြင်းမှာ လုံးဝ မျှတမှုမရှိဟုလည်း HRW ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ယင်းဥပဒေမှာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက် အပိုဒ်ခွဲ ၁၈ နှင့် တိုက်ရိုက် ဆန့်ကျင် နေပြီး ယင်းအပိုဒ်ခွဲက လူတိုင်းတွင် တွေးခေါ်မှု၊ သိမြင်မှုနှင့် ဘာသာရေးလွတ်လပ်ခွင့် တို့ရှိသည်ဟု ဖော်ပြထားသည်။ ထို့အပြင် ယင်းဥပဒေက ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံသော ၂၀၀၈ အခြေခံ ဥပဒေနှင့်လည်း ဆန့်ကျင်နေသည်ဟု ဆိုသည်။

ရောဘတ်ဆန်က “တစ်ဦးချင်းစီရဲ့ ဘာသာရေးယုံကြည်မှုကို အနီးကပ်ထိန်းချုပ်ဖို့ ဒေသဆိုင်ရာ အရာရှိတွေကို ခွင့်ပေးလိုက်ခြင်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ဖိနှိပ်တဲ့ လမ်းကြောင်းတစ်ခုပါပဲ״ ဟု ဆိုသည်။

ယင်းအပြင် တစ်လင်တစ်မယားစနစ်ဥပဒေကြမ်းသည်လည်း ပြသနာရှိနေသည်ဟု HRW က ဆို သည်။ ယင်းဥပဒေက မြန်မာနိုင်ငံ တွင်နေထိုင်သူတိုင်းနှင့် ပြည်ပတွင်နေထိုင်နေသော မြန်မာနိုင်ငံ သားများသာမက မြန်မာနိုင်ငံတွင် နေထိုင်စဉ် မြန်မာနိုင်ငံသားများနှင့် လက်ထပ်ထားသော နိုင်ငံခြားသားများနှင့်လည်း သက်ဆိုင်နေသည်။

တခြားတစ်ဖက်တွင် အိမ်ထောင်ရေးကို အလေးမထားဘဲ အရွယ်ရောက်သူများကြား နှစ်ဦး သဘောတူလိင်ဆက်မှုပြုလုပ်နေခြင်းကို ဥပဒေအရ အပြစ်ဟု သတ်မှတ်ခြင်းသည် ကမ္ဘာလုံး ဆိုင်ရာလူ့အခွင့် အရေးကြေညာချက် အပိုဒ်ခွဲ ၁၂ ပါ လွတ်လပ်မှုကို ချိုးဖောက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဥပဒေကို ဝင်ရောက် စွက်ဖက်ခြင်းအား ကန့်ကွက်သည်ဟုလည်း  မဘသ ဗဟိုဦးအောင် ကော်မတီဝင်၊ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်  ဓမ္မစက္က ဦးမောင်မောင်က ဆိုသည်။ ယင်းကဲ့သို့  ထုတ်ပြန်ခြင်းသည် ဖိအားပေးခြင်း ဖြစ်သည်ဟု လည်း ဆိုသည်။

၎င်းက  “တကယ်တမ်းဆိုရင် ဒီမျိုးစောင့် ဥပဒေက ဘယ်သူ့မှ ထိခိုက်တာ မပါဘူးလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ အားလုံး မျှမျှတတနဲ့ တစ်ယောက်ကို တစ်ယောက်နဲ့ လေးလေးစားစားနဲ့ ပေါင်းသင်း ဆက်ဆံဖို့အတွက်  ပြဿနာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ ဥပဒေပါ။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ဥပဒေလို့တောင် ခေါ်ပါသေးတယ်။ အမြင်တော့ မတူဘူးပေါ့။  သူ့အမြင် ကိုယ့်အမြင်လို့ သဘောထားပါတယ်״ဟု မဇ္စျိမကို ပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲများနီးကပ်လာသည်နှင့် လူ့အခွင့်အရေးသတ်မှတ်ချက်များနှင့် မကိုက်ညီသော ဥပဒေများကို အတည်ပြုနေခြင်းက ဥပဒေပြုအမတ်များ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကတိကဝတ်များမှာ မေးခွန်းထုတ်စရာဖြစ်လာသည်ဟု ရောဘတ်ဆန်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် အဓိကကူညီထောက်ပံ့နေသည့် ဂျပန်၊ အီးယူ၊ ယူကေနှင့် အမေရိကန်တို့ကလည်း အဆိုပါဥပဒေများကို ရှုတ်ချခဲ့ပြီး ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...