မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်က အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်ကို ပယ်ချခြင်းသည် ဖွဲ့စည်းပုံကို ကျော်လွန်ဟုဆို

မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်က အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်ကို ပယ်ချခြင်းသည် ဖွဲ့စည်းပုံကို ကျော်လွန်ဟုဆို
by -
မဇ္ဈိမ
မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်ကို ကိုယ်စားလှယ်အဖြစ်မှ ပယ်ချခဲ့ ခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အထက် မြန်မာပြည် ရှေ့နေများကွန်ရက် တာဝန်ခံ၊ တရားလွှတ်တော်ရှေ့နေတော်ဝင် ဦးခင်မောင်သန်းက ပြောသည်။

၎င်းက သြဂုတ် ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီတွင် မန္တလေးမြို့ မီဒီယာစင်တာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

ဦးခင်မောင်သန်းက  “ရွေးကောက်ပွဲဥပဒေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံတို့ ထိပ်တိုက်တွေ့တာပဲ။ ဘယ်ဥပဒေကို လိုက်မှာလဲ။ ဖွဲ့စည်းပုံ အရဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံခုံရုံးအဖွဲ့ကပဲ ဆုံးဖြတ်လို့ ရမယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံခုံရုံးကို တင်မှကို ဖြစ်မယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်တာက ခုံရုံးပဲ ရှိတယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး လုပ်တာပဲ”ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အား မန္တလေး ခရိုင် ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၈ ရက်တွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေ ၁၀(င) ဖြင့် ငြိသည်ဟုဆိုကာ ပယ်ချလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေတွင် မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါး စလုံးမှ ဖြစ်စေ မွေးဖွားသည့် နိုင်ငံသားသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရခြင်း မရှိစေရဟု ပါဝင်သည်။

သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈ )၊ ပုဒ်မ ၃၄၅ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းသည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံသား များ ဖြစ်ကြသည်ဟု ပါဝင်သည်။ ယင်းနှစ်ချက်ကို နှိုှုင်းယှဉ်၍ ဦးခင်မောင်သန်းက ပြောခြင်းဖြစ်သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်၏ မိဘနှစ်ပါးသည် နိုင်ငံခြားသားများ ဖြစ်နေခြင်းကြောင့် ပယ်ချထားခြင်း ဖြစ်သည်။

ဦးခင်မောင်သန်းက “ဒေါက်တာဝင်းမြင့်ရဲ့ မိဘက မွေးတုန်းက နိုင်ငံခြားသားဆိုတာ ဟုတ် တယ်။ ဒါပေမယ့် အခြေခံဥပဒေ အတည်ဖြစ်တဲ့အချိန်မှာ မြန်မာနိုင်ငံသား ဖြစ်နေပြီ။ ၁၉၈၂ ဥပဒေအ ရ မြန်မာနိုင်ငံသားကို ဖြစ်နေတာပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၈ အရလည်း နိုင်ငံသားဖြစ်နေပြီ” ဟု ပြောသည်။

ထိုသို့ ပယ်ချခံလိုက်ရခြင်းကြောင့် သြဂုတ် ၂၂ ရက်တွင် တိုင်းရွေးကောက်ပွဲကော်မရှင်ထံသို့ အယူခံဝင်ထားပြီး အဖြေကို စောင့်နေသည်ဟု ဒေါက်တာဝင်းမြင့်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး က ပြောသည်။

၎င်းက “အောင်မြင်မယ်လို့ ယူဆပါတယ် ”ဟု ပြောသည်။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကလည်း အယူခံဝင်ထားသည်ကို ပြန်လည်စိစစ်နေသည်ဟု ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးတင်ဝင်းအေး က ဆိုသည်။

မန္တလေးခရိုင်တွင် ပါတီ ၁၁ ခုမှ ကိုယ်စားလှယ်လောင်း ၁၁၄ ဦး တင်သွင်းထားရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၀ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၈ ဦး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၆ ဦး အမည်စာရင်း တင်သွင်းခဲ့ကြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၃၁ ဦးနှင့် ရှမ်းတိုင်း ရင်းသား ရေးရာဝန်ကြီးနေရာအတွက် ၅ ဦး စုစုပေါင်း ၄၀၅ ဦးရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခရိုင်အဖွဲ့ခွဲ အဆင့်ဆင့်က အမတ်လောင်းစိစစ်ရေး လုပ်ငန်းများကို သြဂုတ်လ ၁၈ ရက်မှ ၃၁ ရက်ထိ ပြုလုပ်မည် ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...