ဥပဒေနှင့်အညီ လက်နက်ကိုင်သည့်စနစ်ကို ဖော်ဆောင်ပြီး၊ ရွေးကောက်ပွဲကော်မရှင်၏ ရလဒ်ကို လက်ခံမည်

ဥပဒေနှင့်အညီ လက်နက်ကိုင်သည့်စနစ်ကို ဖော်ဆောင်ပြီး၊ ရွေးကောက်ပွဲကော်မရှင်၏ ရလဒ်ကို လက်ခံမည်
by -
မဇ္ဈိမ
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူချက် NCA ကို လက်မှတ်ထိုးပြီးပါက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (D.D.R)၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) လုပ်ငန်းစဉ်များကို မဖြစ်မနေ ညှိနှိုင်းဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် "ဒီမိုကရေစီလမ်းကြောင်းကို လက်ခံသည်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်၍ မဖြစ်နိုင်ကြောင်း" "ဥပဒေနှင့်အညီ လက်နက်ကိုင်သည့်စနစ်" ကိုသာဖော်ဆောင် ရမည်ဟုလည်း ၎င်းက ပြောသည်။

NCA အား လက်မှတ်မထိုးသည့်အဖွဲ့များအနေဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ဩဂုတ် ၁၉ ရက် နံနက်တွင် ဗြိတိန်သံအမတ်ကြီး Mr. Andrew Sials Patrick အား နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ယင်းသို့ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

ဗြိတိန်သံအမတ်ကြီးကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရာ၌ တပ်မတော်က လက်ရှိ ဒီမိုကရေစီ ဖြစ်စဉ်များမှ လုံးလုံးလျားလျား ထွက်ခွာသွားရမည်ဆိုသည့် ပြည်ပနေထိုင်သူအချို့၏ ယူဆနေမှုနှင့် မတူပဲ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကာလ၌ တပ်မတော်၏ အခန်းကဏ္ဍ လွန်စွာအရေးကြီးပြီး ခိုင်မာစွာတည်ရှိနေရန် လိုအပ်သည်ကို နားလည်သဘောတူသည်ဟု ပြန်လည်ပြောကြားသည်။

ရွေးကောက်ပွဲတွင် တပ်မတော်သားများ မဲဆန္ဒပေးမှုနှင့်ပတ်သက်၍ တပ်မတော်နှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ ပွင့်လင်းမြင်သာသည့် ဆောင်ရွက်ချက်များအပေါ် သဘောတူညီမှု တစ်စုံတစ်ရာ ရထားသည်ဟု ယူဆကြောင်း ယင်းအချက်သည် အလွန်အရေးကြီးသဖြင့် ဝမ်းမြောက်ကြောင်း သံအမတ်ကြီးကပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲလုံခြုံရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောသည်။

တပ်မတော်အနေဖြင့်မူ မဲပေးသည့်ဌာနများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီလုပ်ဆာင်ရမည်ဖြစ်ပြီး တစ်ချို့နေရာများတွင် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရှိနေကြောင်း ဆိုသည်။ မည်သို့ပင်ဆိုစေ တပ်မတော်အနေဖြင့်မူ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် ရလဒ်ကို လက်ခံမည်ဟု ပြောသည်။

တပ်မတော်သားများသည် ပြည်သူမှ ပေါက်ဖွားလာခြင်းဖြစ်သဖြင့် ပြည်သူနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သည်ဟုခံယူပြီး ယခင်တပ်မတော်သည် Leading Role တွင် နေရာယူထားသော်လည်း ယခုတပ်မတော်သည် "အမျိုးသားနိုင်ငံရေး"တွင် ပါဝင်ထမ်းဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ဘက်အရပ်ဘက်ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် လုပ်ဆောင်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု များကြောင့် ယခုရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများ ရှိခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel Antony David Stem တို့ တက်ရောက်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...