NCA လက်မှတ်ထိုးရေး မထိုးရေးအတွက် ကချင်လူထု၏ သဘောထားများ အမြင်များ ရယူရန်ဆွေးနွေး

NCA လက်မှတ်ထိုးရေး မထိုးရေးအတွက် ကချင်လူထု၏ သဘောထားများ အမြင်များ ရယူရန်ဆွေးနွေး
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ရေးနှင့် မိမိဘက်က ထိခိုက်နစ်နာဆုံးရှံှုးမှု အပေါ်မူတည်၍ NCA ကို လက်မှတ်ရေးထိုးရေး၊ မထိုးရေးကို ဆုံးဖြတ်ရန် သြဂုတ်  ၁၇ ရက်က ကချင်လူထု၏ သဘောထားအမြင်များရယူရန် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

KIO ၏ ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လနှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့က အစိုးရနှင့် NCA အပေါ် တွေ့ဆုံ ဆွေးနွေးမှုများကို ပြန်လည် တင်ပြခဲ့ပြီး လူထုကိုယ်စားလှယ်များ၏ သဘောထား အမြင်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

KIO ဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး အရပ်ဘက် အရာရှိ ဦးဒွဲပီဆာက “ကျွန်တော်တို့ဘက်က ထိခိုက်နစ်နာမှု မရှိဘူးဆိုရင်တော့ လက်မှတ်ရေးထိုးဖို့ ထောက်ခံတယ်။ ဒါပေမဲ့ အလောတကြီး မလုပ်ဖို့၊ တချို့သဘောထားတွေက ၂၀၁၆ မှ လက်မှတ်ထိုးရင်ပိုကောင်းတယ်ဆိုတာမျိုးတွေ တင်ပြတာရှိတယ်။ သမ္မတရဲ့ ဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီးတော့လည်း လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ရေးကို ကိုင်စွဲထားတယ်”ဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးတွင် လာမည့် စက်တင်ဘာလတွင် NCA လက်မှတ်ထိုးရန် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ လည်း ဆွေးနွေးခဲ့ရာ KIO အနေဖြင့် သီးခြားဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးဆုံးဖြတ်ရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

NCA အပေါ် ပြည်သူလူထု၏ သဘောထားအမြင်များ ရယူရန် ကျင်းပသည့် အစည်းအဝေးသို့ ပြည်သူ လူထုကိုယ်စားပြု ဘာသာရေးခေါင်းများ၊ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်များ ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

မိမိအခွင့်အရေး ထိခိုက်နစ်နာမှု ဆိုသည်မှာ ၁၉၉၄ ခုနှစ်က ယခင် အစိုးရနှင့် KIO တို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီးနောက် အစိုးရဘက်မှ နယ်မြေများ သိမ်းယူမှုများနှင့် ပြည်သူလူဘက်မှ မည်သည့် လုပ်ပိုင်ခွင့်များ မရှိတော့သည့် အခြေအနေများကိုလည်း ဆွေးနွေးတင်ပြမှုများ ရှိသည်ဟု ၎င်းက ဆိုသည်။

ဦးဒွဲပီဆာက  “၉၄ က ကျနော်တို့ဘက်က နစ်နာတာက အပစ်အခတ် ရပ်စဲတယ်ဆိုပေမဲ့ ကျနော်တို့ ကေအိုင်အို နယ်မြေတွေ သိမ်းယူလိုက်ပြီးတော့ ဘာမှ ပြောပိုင်ခွင့် မရှိတော့တာတွေ၊ ဟူးကောင့် ယုဇန ကုမ္ပဏီတွေ နယ်မြေသိမ်းယူလိုက်ပေမဲ့ ဘာမှ လုပ်လို့ မရတော့ဘူး။ ပြည်သူ လူထုဘက်က လည်း ဘာအကျိုးမှ မခံစားရတဲ့ကိစ္စ၊ တခြားဟာတွေလည်း အဲဒီလို ရှိတယ်”ဟု မဇ္စျိမကို ပြောသည်။

ကချင်လူထု ကိုယ်စားလှယ်များ၏ သဘောထားအမြင်များ ရယူ၍ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်များ၏ အစည်းအဝေးတွင် KIO ၏ သဘောထားများကို ပြန်လည်တင်ပြ၍ NCA ကို လက်မှတ်ရေး ထိုးရေး၊ မထိုးရေးကို ဆုံးဖြတ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

သြဂုတ်လ ၂၁ ရက်တွင် ရန်ကုန်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် SD တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း အပေါ်ဆွေးနွေးချက်များကို ပြန်လည်သုံးသပ်သည့် အစည်းအဝေး ကျင်းပကြမည်ဖြစ်သည်။

သို့သော် SD အဖွဲ့ဝင် ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)၊ ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)တို့ လေးဖွဲ့သည် NCA ကို လက်မှတ်ရေးထိုးရန် လက်ခံကြောင်း သြဂုတ်လ ၁၇ ရက်က ၎င်းတို့၏ သဘောထားများ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...