ဒေသထွက် ဆန် မက်ထရစ်တန်ချိန် ၃,၃၀၀ ကျော်၊ ပဲ၊ ဆားနှင့် သီးနှံထွက်ဆီများကို မြန်မာနိုင်ငံတစ်ဝန်း ရေဘေးသင့် ပြည်သူများထံ ကူညီသွားမည်ဟု ရန်ကုန်မြို့ အမေရိကန်သံရုံးက သြဂုတ် ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုထပ်မံကူညီမှု အပါအဝင် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း လှူဒါန်းခဲ့ပြီဖြစ်ပြီး ဘေးသင့်လူပေါင်း ၂၅၀,၀၀၀ ဦးအတွက် အထောက်အကူဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
USAID ၏ ရိက္ခာကူညီမှုများသည် မြန်မာအစိုးရ၊ ကုလအေဂျင်စီများ၊ ပြည်တွင်း/ပ အန်ဂျီအိုများနှင့် ရေဘေးအတွက် ပူးတွဲ ကူညီမှုများမှ အစိတ်အပို်င်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က "မြန်မာနိုင်ငံအခုလို ဘေးဒုက္ခခံစားနေရ တဲ့ ဒီလိုအ ချိန်မျိုးမှာ USAID က အရေးပေါ်အကူအညီတွေကို အပြည့်အဝထောက်ကူပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန် သံရုံးအနေနဲ့လည်း ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အခြေအနေ တွေကို အနီးကပ် ဆက်လက် စောင့်ကြည်သွားမှာဖြစ် ပြီးပြန်လည်ထူထောင်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်သွားမှာပါ"ဟု ပြောသည်။
USAID ၏ မိတ်ဖက်အဖွဲ့အစည်းများသည် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပေါ်နေသည့် စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ ချင်းတို့နှင့် အခြား ရေဘေးသင့် ဒေသများတွင် ကူညီရေးဆောင်ရွက်လျက်ရှိသည်။
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID အား သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီ လက်ထက် ၁၉၆၁ ခုက ဖော်ထုတ်ခဲ့သည်။ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိသည်ဟု ဆိုနိုင်သော်လည်း အမေရိကန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်လုံခြံုရေးကောင်စီတို့၏ နိုင်ငံခြားရေးမူဝါဒ လမ်းညွှန်မှုကို ခံယူရသည့် အစီအစဉ်တစ်ခုဖြစ်သည်။
အာဖရိက၊ အာရှ၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပနိုင်ငံများတွင် ၎င်း၏ လုပ်ငန်းများ အကောင်အထည် ဖော်နေသည်။
လက်ရှိသမ္မတ ဘားရက် အိုဘားမားက "အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဆင်းရဲမွဲတေမှုကို လာမယ့် နှစ် ၂၀ အတွင်း တိုက်ဖျက်ကြရမယ်။" ဟု ၂၀၁၃ ခု မိန့်ခွန်းအရ USAID က ၎င်း၏ လုပ်ငန်း ဦးတည်ချက်အဖြစ် "မိတ်ဖက်နိုင်ငံများ ဆိုးရွားသည့် ဆင်းရဲမှုပပျောက်ရေး၊ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းများပေါ်ပေါက်စေရေး" ကို ချမှတ်ခဲ့သည်။







