အင်န်အယ်လ်ဒီ မှ နုတ်ထွက်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်

အင်န်အယ်လ်ဒီ မှ နုတ်ထွက်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်
by -
မဇ္ဈိမ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မရွေးချယ်သောကြောင့် ပါတီမှ နုတ်ထွက်ခဲ့သူ ဦးရှုမောင်သည် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ၎င်းက ပြောသည်။

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာကို  သြဂုတ်  ၁၃ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ တင်လိုက်ပြီ ဖြစ်သည်။

၎င်းကို ဒေသခံများက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရန် ဆန္ဒပြုသော်လည်း ပါတီက အမျိုးသားလွှတ်တော်အတွက် ချပေးသည့်အတွက် ပါတီမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ဦးရှုမောင်က “ အမျိုးသားလွှတ်တော်က ခန္တီးနဲ့ဟုမ္မလင်း နှစ်မြို့နယ်ပေါင်း ဖြစ်နေတယ်။ အဲဒီလို ကျတော့ ဟုမ္မလင်းက မဲ မသေချာဘူး။ ဒါကြောင့် ခန္တီးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ဖို့ လုပ်တာဖြစ်တယ်”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ မကျေနပ်သောကြောင့် ဦးရှုမောင်အပါအဝင် ပါတီဝင် ၃၇၅ ဦးတို့သည် သြဂုတ် ၉ ရက်တွင် ပါတီဝင် အဖြစ်မှနှုတ်ထွက်သွားကြသည်ဟု ခန္တီးခရိုင် NLD ဥက္ကဋ္ဌ ဒေါ်ဆယ်ဆယ်နောင်က မဇ္စျိမကို ပြောထားသည်။

ခန္တီးဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ဆန်းမြင့်က “ကျွန်တော်တို့ အနေနဲ့ကတော့ ဒေသ ကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး အမှန်တကယ် လုပ်ဆောင်သူကိုပဲ ရွေးချယ်မဲပေးမယ်”ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ရန် လျှောက်ထားသည့် ကိုယ်စားလောင်း မှာ သြဂုတ်လ ၁၃ ရက်အထိ ၆ ဦးသာရှိသေးပြီး ကိုယ်စားလှယ်လောင်းစာရင်းများကို သြဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထား တင်သွင်းလျှောက်ထားရမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...