အဆိုပါ လယ်ယာမြေများပြန်လည်ရရှိရေးအတွက် ၂၀၀၂ ခုနှစ်မှစတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်ကြားစာများ ပေးပို့ ထားသော်လည်း ယနေ့အချိန်အထိ ဖြေရှင်းပေးမှုမရှိသောကြောင့် ထွန်တုံး တိုက်ပွဲဝင်ရောက်၍ လယ်ယာမြေများပြန်လည်ရရှိ ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
ထွန်တုံးတိုက်ပွဲဝင်ဦးဆောင်သူများအနက် တစ်ဦးဖြစ်သူ ကိုမောင်ကျော် က “ကျွန်တော်တို့ မိဘတွေ လက်ထက်ကတည်းက ပိုင်ခဲ့တဲ့ မြေတွေပါ။ ပိုင်ဆိုင်ခွင့်အထောက် အထားတွေလည်းရှိတယ်။ သိမ်းတုန်းကလည်း ဘာမှမပေးခဲ့ဘူး။ ကျွန်တော်တို့တစ်တွေဆို ဘာပညာမှ မတတ်ခဲ့ဘူး။ အဖေတို့ အမေတို့လည်း အခုချိန်ထိ ဒုက္ခခံနေရတယ်။ အခုကျွန်တော်တို့လက်ထက်မှာ ဒီမြေတွေကို ပြန်လို ချင်တယ်။ ကျွန်တော်တို့ ဘဝတွေစားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ဒီမြေတွေကို ထွန်တုံးတိုက်ပွဲဝင်ပြီး ပြန်ယူတာပါ။” ဟု ပြောသည်။
ထွန်တုံးတိုက်ပွဲဝင်သူများအနေဖြင့် သိမ်းဆည်းခံလယ်ယာမြေ ၁၀၇၇ ဧကလုံးကို ထွန်ယက် သွားမည်ဖြစ်ပြီး ပဲအမျိုးမျိုးစိုက်ပျိုးသွားမည်ဟု ဒေသခံများကဆိုသည်။ ပတ်လည် အင်းကျေးရွာ သူဒေါ်အေးသင်းက “ကျွန်မတို့က မြေကို ပြန်သိမ်းယူလိုက်ပါပြီ။ သူတို့ကို အဝင်မခံတော့ဘူး။ နေ့စဉ်လုပ်သွားမယ်။ ပြီးတဲ့ အထိပဲ”ဟု ပြောသည်။
အဆိုပါကျေးရွာပိုင်ဆိုင်သော လယ်ယာမြေဧကမှာ ၄၀၀၀ ကျော်ရှိပြီး ထိုအထဲမှ ပိုင်ဆိုင်ခွင့် အထောက်အထားရှိသည့် လယ်ယာမြေ ၁၀၇၇ ဧကပေါ်တွင် ထွန်တုံးတိုက်ပွဲဝင်၍ ပြန်လည်ရ ယူခြင်းဖြစ်သည်။
ပတ်လည်အင်းကျေးရွာသား ဦးသိန်းညွှန့်က “အားလုံးမှာ ပိုင်ဆိုင်ခွင့်အထောက်အထားတွေ ဒီနေ့ အချိန်ထိ ကိုင်ထားကြတယ်။ ကြိုက်တဲ့ အချိန်၊ ကြိုက်တဲ့လူ လာကြည့်လို့ ရပါတယ်”ဟု ပြောသည်။
ထိုသို့ သိမ်းဆည်းထားသောလယ်ယာမြေများထဲ မှ၂၀၁၁ ခုနှစ်တွင် ဧက ၁၀၀၀ ကျော်ကို ဂရိတ်ဝေါ ကုမ္ပဏီသို့သီးစားချထားသည်မှာ ယနေ့အချိန်ထိဖြစ်ပြီး ကျန်သည့်ဧကများမှာလည်း ယနေ့အချိန်ထိ အသုံးပြုခြင်းမရှိဟုလည်း ဒေသခံများကဆိုသည်။
အသက် ရ၆ နှစ်ရွယ် ဦးဘတင့်က “ဘာမှအသုံးပြုတာမတွေ့ရဘူး၊ဒီနေ့အချိန်ထိပဲ။ အဲလိုကျတော့ သိမ်းတဲ့ လူလည်း အကျိုးမရှိဘူး။ ကျွန်တော်တို့လည်း စိုက်ခွင့်မရဘူး”ဟု ပြောသည်။
အဆိုပါ လယ်ယာမြေပြန်လည်ရရှိရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ထံသို့ ဒေသခံများက လက်မှတ်များထိုး၍ သြဂုတ်လ ၁၀ ရက်တွင် တိုင်ကြားစာပေးပို့ထား သည်ဟုလည်း ဒေသခံများက ဆိုသည်။
ထိုသို့ သိမ်းဆည်းထားသောလယ်ယာမြေထဲသို့ ထွန်တုံးတိုက်ပွဲ ဝင်နေသည်နှင့့်ပတ်သက်၍ စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးက “ဒါက နိုင်ငံတော်က သိမ်းထားတာပါ။ နိုင်ငံတော်ပိုင် မြေဖြစ် နေတယ်။ အခုလို လုပ်တာနဲ့ပတ်သက်လို့ကတော့ ဥပဒေအတိုင်း ဆောင်ရွက်ရမှာပါ။ ဘာမှတော့ မဆုံးဖြတ်ရသေးဘူး။”ဟု ပြောသည်။
ထွန်တုံးတိုက်ပွဲဝင်သူဒေသခံတောင်သူများသည် လယ်ယာမြေအားလုံးကို ပြီးဆုံးသည်အထိ ထွန်ယက်သွားမှာဖြစ်ပြီး ရက်မည်မျှကြာမည်ကို မခန့်မှန်းနိုင်သေးဟုလည်း ဦးဆောင်သူများက ဆိုသည်။







