မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာဆိုသူများကို သန်းခေါင်စာရင်း ကောက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အမေရိကန်ဒေါ်လာ ၂ ဒဿမ ရ သန်း လျာထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူဟတ်က ပြောသည်။
တရားဝင်ခန့်မှန်းချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထောက်အထားမဲ့ ရိုဟင်ဂျာဆိုသူ နှစ်သိန်းမှ ငါးသိန်းကြားရှိပြီး ကုလသမဂ္ဂဒုက္ခသည်စခန်းနှစ်ခုတွင် နေထိုင်လျက်ရှိသည့် မှတ်ပုံတင်ပြီး ရိုဟင်ဂျာ ဆိုသူများမှာ ၃၂,၀၀၀ ဝန်းကျင်ရှိသည်။
"သန်းခေါင်စာရင်းကောက်ယူရေးက အခုနှစ် ဒုတိယနှစ်ဝက် ကာလအတွင်းမှာပဲ ဖြစ်ပါလိမ့်မယ်။" ဟု ရှာဟီဒူဟတ်က သံတမန်များနှင့် တွေ့ဆုံ၍ ပြောကြားခဲ့သည်။
မွတ်စလင်ရိုဟင်ဂျာဆိုသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၁၉၉၀ နှစ်စောပိုင်းမှစ၍ ထွက်ပြေးလာကြ သည်ဟုလည်း South China Morning Post သတင်းစာကရေးသည်။
ဗုဒ္ဓဘာသာဝင်အများစု အစိုးရ၏ ခွဲခြားဆက်ဆံမှုနှင့် နှိပ်စက်မှုများကြောင့် ထွက်ပြေးကြခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။ မြန်မာ အစိုးရကမူ ရိုဟင်ဂျာဆိုသူများသည် မြန်မာနိုင်ငံသားများ မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ သန်းခေါင်းစာရင်းကောက်ယူမှုတွင် အကူအညီပေးနေသည့် ရွှေ့ပြောင်းအခြေချသူ များဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM ကမူ ယခုသန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ် သည်နိုင်ငံမဲ့နေသည့် ရိုဟင်ဂျာ ဆိုသူများအတွက် အပြုသဘောဆောင်သည့် လုပ်ဆောင်မှု ဖြစ်သည်ဟု ဆိုသည်။
"သန်းခေါင်စာရင်းကောက်ယူပြီးရင် အစိုးရက အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးကောင်း ထုတ်ပေးနိုင်ပါတယ်။ အဲဒီကတ်တွေက ကျန်းမာရေးစောင့်ရှောက်မှုတွေရစေမှာဖြစ်ပြီး၊ ဒီမှာ ဆက်လက်နေထိုင်ရေးအတွက်လည်း တရားဝင်ကူညီခွင့်တွေရစေမှာဖြစ်ပါတယ်။" ဟု IOM မှ ပြောရေးဆိုခွင့်ရှိသူ အစ်ဆစ်မူနီယာက ပြောသည်။
တချို့သော ရိုဟင်ဂျာဆိုသူများက ၎င်းတို့အား နိုင်ငံတွင်းမှ နှင်ထုတ်လာနိုင်သည်ဟုဆိုကာ စိုးရိမ်မှု များရှိနေသဖြင့် သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါ၀င်ပူးပေါင်းရန် တွန့်ဆုတ်နေနိုင်သည်ဟု နိုင်ငံသန်းခေါင်စာရင်းကောက်ယူမှုတွင်ပါ၀င်သည့် ဘင်္ဂလားဒေ့ရှ် စာရင်းအင်းဗျူရိုက ပြောသည်။
သို့သော်လည်း ရိုဟင်ဂျာဆိုသူများ၏ ခေါင်းဆောင်ဆိုသူကတစ်ဦးကမူ "ဒီလို သန်းခေါင်စာရင်း ကောက်ယူမှုအရ အထောက်အထားမဲ့ ရိုဟင်ဂျာများအတွက် ဒုက္ခသည်စခန်းများမှာ တရားဝင်အခွင့် အရေးတွေ ရရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။"ဟု ပြောဆိုကြိုဆိုခဲ့သည်။







