တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ခန့်အပ်ရန် ရပ်ဆိုင်းသော်လည်း ခန့်အပ်ပြီးသူများကို ဆက်လက်ထားရှိမည်

တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ခန့်အပ်ရန် ရပ်ဆိုင်းသော်လည်း ခန့်အပ်ပြီးသူများကို ဆက်လက်ထားရှိမည်
by -
မဇ္ဈိမ
တပ်မတော်အရာရှိများဖြစ်သည့် ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်ကြီး အစရှိသူ ၁၄ဦးကို ကျန်းမာရေး ဝန်ကြီးဌာနတွင် ပြောင်းရွှေ့ခန့်အပ် ထားပြီးဖြစ်ကာ ၎င်းတို့ကို ဆက်လက်ထားရှိမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးစိန်ဝင်းက ဩဂုတ် ၁၁ညပိုင်းတွင် သတင်းထောက်များကို ပြောသည်။

“ခေါ်ပြီးသားလူကတော့ ကျွန်တော်တို့က တာဝန်ပေးရမှာပဲ” ဟု ဦးစိန်ဝင်းက ပြောသည်။

ခန့်အပ်ပြီးသူ တပ်မတော်အရာရှိ အမျိုးသား ၁၄ဦးအနက် ကုသရေးအတွက် ၉ဦးနှင့် ၅ဦးမှာမူ အုပ်ချုပ်ရေးပိုင်းအတွက် ခန့်အပ်ထားခြင်းဖြစ်ပြီး “ဒီလူတွေလည်း အပြစ်နဲ့လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီကို လာချင်သပလို့ အဆိုပြုလာတဲ့အတွက်”ဟု ၎င်းက ဆိုသည်။

တပ်မတော်အရာရှိ ၁၄ဦးကို ကျန်းမာရေးဝန်ကြီးဌာနတွင် လက်ထောက်ဆရာဝန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ(အုပ်ချုပ်ရေး)နှင့် ဒုတိယညွှန်ကြားရေးမှူး စသည့် တာဝန်များအား ဇူလိုင် တတိယပတ်ကစပြီး တာဝန်ပေးထားခြင်းဖြစ်သည်။

အဆိုပါ တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ခန့်အပ်ထားမှုအပေါ် ပြည်သူ့ လွှတ်တော်၏ အတိုက်အခံ အမတ် ဒေါ်ခင်စန်းလှိုင်က “အစိုးရဝန်ကြီးဌာနတွေရဲ့အပေါ်မှာ တပ်မတော်ရဲ့ ဩဇာအာဏာ လွှမ်းမိုးလာတဲ့ကိစ္စတွေဟာ ဒါဟာ တော်တော့ကို ကြည့်မကောင်းတဲ့ ကိစ္စတွေပေါ့”ဟု မှတ်ချက်ပြုသည်။

ခန့်အပ်ပြီးသား တပ်မတော်အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာနတွင် ဆက်လက်ထားရှိမည် ဖြစ်သော်လည်း ထပ်မံခန့်အပ်ရန် ရပ်ဆိုင်းထားမည်ဟု ဦးစိန်ဝင်းက ပြောသည်။

သို့သော် မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းလိုက်သည်ကိုမူ သတင်းထောက်များက အကြိမ်ကြိမ်မေးမြန်းခဲ့သော်လည်း ရှင်းရှင်းလင်းလင်းဖြေကြားခြင်း မရှိပေ။

တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ပြောင်းရွှေ့ခန့်ထားရန် စီစဉ်နေမှုအပေါ် ကန့်ကွက်သည့် အနေဖြင့် ဆေးရုံကြီးအချို့တွင် ဆရာဝန်များက အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် အဆိုပါ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။

“အလွှာပေါင်းစုံ၊ ဘက်ပေါင်းစုံက အဆင်ပြေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလွှာလေးတွေနဲ့ တာဝန်ပေးဖို့ဆိုပြီးတော့ လူကြီးများက တာဝန်ပေးတာပါ။ တကယ်တမ်းကျတော့ ဘာရည်ရွယ်ချက်မှ မရှိဘူး”ဟု ဦးစိန်ဝင်းက ဆိုသည်။

တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ခန့်အပ်တာဝန်ပေးရန် စီစဉ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ ခုတင် ၁၀၀၀ ဆံ့ ဆေးရုံရှိ ဆရာဝန်အချို့ကလည်း အနက်ရောင်ဖဲကြိုးရင်ထိုးတပ်ဆင်ကာ လှုပ်ရှားခဲ့ကြသည်။

"ကျွန်တော်တို့ကတော့ ဒါကို မကျေနပ်ဘူးပေါ့"ဟု ကန့်ကွက်လှုပ်ရှားခဲ့သည့် အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက မဇ္ဈိမကို ပြောသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...