ရေဘေးသင့် ပြည်သူများ အတွက် ထိုင်းအစိုးရ ဘတ်ငွေ ငါးသန်းလှုဒါန်း

ရေဘေးသင့် ပြည်သူများ အတွက် ထိုင်းအစိုးရ ဘတ်ငွေ ငါးသန်းလှုဒါန်း
by -
မဇ္ဈိမ
မြန်မာနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် ဘတ်ငွေ ငါးသန်းကို သြဂုတ် ရ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက်မြို့ ရှိမြန်မာသံရုံးသို့ ပေးအပ်လှူဒါန်းလိုက်ပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၄၈ နှစ်မြောက် အာဆီယံ နှစ်ပတ်လည် အခမ်းအနား တွင် မြန်မာရေဘေးသင့်ပြည်သူ များအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒု-ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တာနာဆပ် ပတ်ဆီမာပရာဂေါန် (Tanasak Patimapragorn)က ချက်လက်မှတ်ဖြင့် တရားဝင် လွှဲအပ်ပေးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်က ပြောသည်။

၎င်းက “ ဒီမနက် အာဆီယံ ၄၈ နှစ်မြောက် နှစ်ပတ်လည်နေ့ပွဲနဲ့ မြန်မာနိုင်ငံကို ဘဏ်ကနေ လွဲပေးတဲ့ စာရွက် တခါတည်း ပေါင်းပြီးတော့ လှူပေးတယ်။ သူတို့ ဘဏ်အကောင့် တိုက်ရိုက်ထည့်ပေးတာ။ ပြေစာပဲ ပေးလိုက်တာ။ ထိုင်း အစိုးရကတော့ ဘတ် ငါးသန်းနဲ့ ထိုင်းပြည်သူတွေရော၊ မြန်မာ အလုပ်သမားတွေကလည်း တတ်နိုင်တလောက် စုပြီး လှူကြတယ်။ ထိုင်းဘက်က အလုပ်ရုံစက်ရုံတွေ ကလည်း လှူကြတယ်”ဟု  မဇ္စျိမကို ပြောသည်။

ထိုင်းပြည်သူအလှူရှင်များဘက်မှ ဆန်၊ အသက်ကယ်အိတ်၊ မြွေဆိပ်ပြေဆေး၊ ရေသန့် နှင့် ဆေး၊ အကျႌစသည်ဖြင့် လှူဒါန်းမှုများရှိနေကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများကလည်း တတ်နိုင်သလောက် လှူဒါန်းမှုများရှိကာ ထိုလှူဒါန်းပစ္စည်းများကို ကားဖြင့် သော်လည်းကောင်း၊ လေယာဉ်ဖြင့်သော်လည်း ပို့ပေးနေသည်ဟု သံအမတ် ဦးဝင်းမောင်က ပြောသည်။

သြဂုတ်  ၄ ရက်က ထိုင်းအစိုးရ တာဝန်ရှိသူများက ရေဘေးသင့် ပြည်သူများအား ဘတ် ၅ သန်း လှူဒါန်းရန် ပြောဆိုခဲ့ပြီး ယနေ့တွင် တရားဝင် ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

၎င်းက “ဒါကတော့ အိမ်နီးနားချင်းနိုင်ငံလည်း ဖြစ်တယ်။ သူတို့ဖြစ်တုန်းကလည်း မြန်မာဘက်က လှူတာတွေ ရှိတယ်။ အခုအချိန်က နှစ်နှစ်နိုင်ငံဆက်ဆံရေးကောင်းတဲ့အချိန်ပေါ့။ စီးပွားရေး၊ လူမှုရေး တွေ ပေါင်းလုပ်တဲ့အချိန်ဖြစ်နေတော့ သူတို့ အရင်ဆုံးလှူတဲ့သဘောပါပဲ”ဟု ပြောသည်။

ထိုင်းနာမည်ကျော် အဆိုတော် ဘာတ်ထုံချိုင်းကလည်း မြန်မာရေဘေးသင့် ပြည်သူများအတွက် ဘတ်ငွေ  ၁ သိန်းကို သီတဂူ ဆရာတော်ဘုရားမှတဆင့် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

အလားတူ သီတဂူဆရာတော်မှတဆင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA)ကလည်း မြန်မာ ရေဘေးဒုက္ခသည် များအတွက် လှူဒါန်းခဲ့သည်ဟု သိရသည်။

ယင်းအလှူငွေများ ပေးအပ်ကြောင်းကို သီတဂူဆရာတော်ကြီး၏ လူမှုကွန်ယက် စာမျက်နှာတွင် တင်ထားသည့် ရေဘေးအလှူအတွက် “အလှူတော်ပြန်တမ်းလွှတ်”တွင် MNDAA အဖွဲ့က ကျပ်သိန်း ၅၀၀၊ PSLF/TNLA အဖွဲ့က ကျပ်သိန်း ၃၀၀ တို့ကို လှူဒါန်းခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများအတွက် ထိုင်းနိုင်ငံ အပါအဝင်၊ အီးယူ၊ သြစတေးလျ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန် စသည့် နိုင်ငံများ လှူဒါန်းမှုများရှိနေပြီ ဖြစ်သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...