စောင့်ကြည့်ရတော့မည့် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း

စောင့်ကြည့်ရတော့မည့် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း
by -
မဇ္ဈိမ
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ မြန်မာနှင့် ထိုင်းပူးတွဲ လုပ်ငန်းကော်မတီ ခြောက်ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော် Horizon Lake View Resort တွင် သြဂုတ် ၄ ရက်က  ပြုလုပ်ခဲ့သည်။   

ဆွေးနွေးရာတွင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့် သဘော တူညီချက်များ (Concession Agreements) နှင့် သုံးပွင့်ဆို်င်နားလည်မှု စာချွန်လွှာ ကိစ္စရပ်များ၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ နည်းဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ထားဝယ် အထူးစီးပွားရေးဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငွေကြေး ဆိုင်ရာ ဝန်ဆောင် မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကိစ္စများကို ဆွေးနွေးကြသည်။

ယင်းအပြင် ငွေကြေးဆိုင်ရာ အဆိုပြုချက်များ ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးဖွံ့ဖြိုး တိုးတက် စေရေး အတွက် နှစ်ရှည် ဆောင် ရွက်ရမည့် (Master Plan) လုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စရပ် များနှင့် အဆိုပါစီမံကိန်း လုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် သြဂုတ် ၅ ရက်တွင်  အဆိုပါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်မည့် ဖက်စပ် ကုမ္ပဏီ များဖြစ်သော  Italian-Thai Development Public Company Limited ၊ Rojana Industrial Park Public Company Limited နှင့် LNG Plus International Company Limited ကုမ္ပဏီများနှင့် မြန်မာအစိုးရဘက်က  ထားဝယ်အထူးစီးပွားရေးဇုန်စီမံရေး ကော်မတီနှင့်အတူ ကနဦးဖွံ့ဖြိုးရေး သဘောတူညီမှုကို သြဂုတ် ၅ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့သည်။   

ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး၊ ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  ဦးဟံစိန်က ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်တွင် “လက်မှတ်ထိုးပြီးတာနဲ့ ကနဦးစီမံကိန်းတွေ စမယ်။ ကနဦး စီမံကိန်းသည် ရှစ်နှစ်ကြာမယ်။ ရှစ်နှစ်ပြည့်တော့မှ ပင်မစီမံကိန်း လုပ်ငန်းကြီးကို သွားမှာမဟုတ်ဘူး။ ကနဦးစီမံကိန်း စပြီဆိုတာနဲ့ ပင်မစီမံကိန်းကြီးဖြစ်တဲ့ Full Phase ကို Consultant  (အကြံပေး)ခေါ် မယ်။ ပြီးရင ်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေလာရင် ကနဦးစီမံကိန်း ဆောင်ရွက်နေစဉ် တစ်နှစ်၊ နှစ်နှစ် အတွင်းမှာပဲ ပင်မစီမံကိန်းကြီးတွေဆက် လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု ပြောကြား ထားသေးသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံ ကိန်းအကောင်အထည်ဖော်ခဲ့သည့် ကာလတွင် မြေယာသိမ်း ဆည်းမှု၊ မျှတမှုမရှိသော လျော်ကြေးနှင့် နေရာပြောင်းရွှေ့လယ်ယာမြေ၊ သစ်တောများအား ဆုံးရှုံးမှု အတွက် နစ်နာကြေးမရရှိမှု စသည့်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပြဿနာများဖြစ် ပေါ်ခဲ့ပြီး ဒေသခံများ၏ လူမှု၊ စီးပွားဘဝများ ထိခိုက်ခဲ့ကြောင်း မြန်မာနှင့် ထိုင်းအစိုးရခေါင်း ဆောင်များ အနေဖြင့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ပြဿနာများ တာဝန်ယူဖြေ ရှင်းပေးရန်၊ ပွင့်လင်းမြင်သာမှုကို အာမခံပေးရန်နှင့်ပါ၀င်ပတ်သက်မှု ဆိုင် ရာသတင်းအချက် အလက်များ ထုတ်ပြန်ပေးရန် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က တောင်းဆိုထားသည်။

သမ္မတ ဦးသိန်းစိန်နှင့် ယခင်ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့ ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁၉ ရက်က (၂၁)ကြိမ်မြောက် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံထိပ်သီးဆွေးနွေးပွဲ တွင်ထားဝယ်ရေနက် ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများ၌ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်မည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက အတည်ပြုခဲ့သည်။
 
မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအမှတ် (၈/၂၀၁၁)၊ ပုဒ်မ (၄)အရ အစိုးရအဖွဲ့က သတ်မှတ်ထား သော ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် မြောက်ဘက်တွင် ရေဖြူမြို့နယ်၊ အရှေ့ ဘက်တွင် ထားဝယ်မြစ်၊ ရေဖြူမြို့နယ်၊ တောင်ဘက်၌ လောင်းလုံမြို့နယ်နှင့် အနောက် ဘက်တွင် အက်ဒမန်ပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ဧရိယာအကျယ်အဝန်းမှာ ၁၉၆ စတုရန်း ကီလိုမီတာ (၉၇ စတုရန်းမိုင်)ရှိပြီး လက်ဦးဖွံ့ဖြိုးမှုအပိုင်းက အထည်ချုပ်၊ အဝတ်အထည်နှင့် စားနပ်ရိက္ခာများကဲ့သို့သော ကဏ္ဍာများအတွက် ရည်မှန်းထားပြီး စီမံကိန်းကြီးတစ်ခုလုံးက အခြားသော စက်မှုလုပ်ငန်းများ အတွက်ဖြစ်သည်။

စီမံကိန်းတွင်  မော်တော်ကား၊ စတီးလ်၊ လျှပ်စစ်နှင့် လျှပ်စစ်ကုန်စည်များ၊ ရာဘာ၊ သတ္တု၊ ဓာတု၊ သတ္တုသန့်စင်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ပလတ်စတစ်စက်ရုံနှင့် ဆေးဝါးထုတ်လုပ် ရေးလုပ်ငန်းများ စသည့်ဖြင့် ပါဝင်မည်ဖြစ်သည်။     

ကနဦးအပိုင်းတည်ဆောက်မှုသဘောတူညီချက်တွင် ဆိပ်ကမ်းငယ်တစ်ခု၊ ဓာတ်အားပေးစက်ရုံများ၊ ထိုင်းသို့ သွယ်တန်းသည့် ကားလမ်း၊  မြို့သစ်၊ ဆက်သွယ်ရေးလိုင်းနှင့် စက်မှုနယ်မြေ စသည်တို့ကို တည်ဆောက် မည်ဖြစ်သည်။     

ယခု သဘောတူညီမှုက ရေရှည်စီမံကိန်းအတွက် အစပျိုးလိုက်ခြင်းဖြစ်ပြီး ထားဝယ်အထူးစီးပွားရေး ဇုန်သည်ကမ္ဘာတွင် အကြီးဆုံးအထူးစီးပွားရေးဇုန်များအနက် တစ်ခုဖြစ်လာမည်ဖြစ်သည်။

အရှေ့တောင်အာရှတွင် မဟာဗျူဟာမြောက် အရေးပါသည့်ဇုန်ဖြစ်လာမည်ဖြစ်သည်။ အန်ဒါမန် ပင်လယ်မှ အနောက်သို့သွားရာ လမ်းကြောင်း လည်းဖြစ်ပြီး ဘန်ကောက်မှတဆင့် ထိုင်းအရှေ့ဖက် ပင်လယ် ပိုင်းမှသည် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့နှင့်လည်း လမ်းကြောင်းဆက်သွယ်မှု နီးစပ်သွားစေမည်ဖြစ်သည်။

ကနဦးဖွ့ံဖြိုးမှုအပိုင်း ပြင်ဆင်ဆောက်ရွက်မှုများတွင် မြန်မာနှင့် ထိုင်းအစိုးရတို့အတွက် Roland Berger အထောက်အပ့ံပေးပြီး ရေရှည်အထူးစီမံကိန်းဖွ့ံဖြိုးရေးကိုလည်း ဆက်လက်ထောက်ပံ့မှု ပေးသွားမည်ဖြစ်သည်။ Roland Berger အကြံပေးအဖွဲ့က ထိုင်းနှင့် မြန်မာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။  

ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ပြီးပါက ထိုင်းနှိင်ငံ အရှေ့ဘက် ပင်လယ်ဆိပ်ကမ်းသို့ အမြန်လမ်းဖောက်လုပ်ပြီး အန္တရာယ်များပြီးခရီးလမ်းရှည်သော မလက္ကာ ရေလက်ကြား ကို ရှောင်၍ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့လာမည် ဖြစ်သောကြောင့်မည်သို့ဆက်လက် လုပ်ဆောင်မည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

Most read this week

December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...
December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...