ရခိုင်ပြည်နယ်မှာ ပညာရေးအဆောက်အအုံ ၆၀၀ ကျော် ရေလွှမ်းမိုးခံရပြီး ၂၀၀ ကျော်ပျက်စီး၊ ဆုံးရှုံးမှု သန်းတစ်ထောင်ကျော်ရှိ

ရခိုင်ပြည်နယ်မှာ ပညာရေးအဆောက်အအုံ ၆၀၀ ကျော် ရေလွှမ်းမိုးခံရပြီး ၂၀၀ ကျော်ပျက်စီး၊ ဆုံးရှုံးမှု သန်းတစ်ထောင်ကျော်ရှိ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်မှာ ပညာရေးအဆောက်အအုံ ၆၀၀ ကျော် ရေလွှမ်းမိုးခံရပြီး စာသင်ကျောင်း ၂၀၀ ကျော် ပျက်စီးသွားသောကြောင့် ကျောင်း သား ၁ သိန်းကျော် စာသင်ကြား၍ မရသေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးလှစိန်ထွန်းက ပြောသည်။

ရေလွှမ်းမိုးခံရသော မြို့များမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော စသည့်မြို့များ အပါအဝင် အားလုံး ၁၁ မြို့နယ်ရှိပြီး အဓိက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နှင့် ပုဏ္ဏကျွန်းမြို့တို့က အဓိက ရေလွှမ်းမိုးခံရကြောင်း ပညာရေးမှူး ဦးလှစိန်ထွန်းက ပြောသည်။

“ပျက်စီးသွားတဲ့ ကျောင်းပေါင်းက ၂၆၀ ကျော် ရှိပါတယ်။ အားလုံးကို ပြန်ပြီးပြုပြင်ရပါမယ်။ ရေလွှမ်းမိုး ခံရတဲ့ ကျောင်းကတော့ ၆၈၀ ကျော်ပါတယ်။ အဲဒီ စာသင်ကျောင်း အခုနက ၆၀၀ ကျော်ကို ပိတ်ထားရပါတယ်။ အခုကတော့ မနေ့ကစပြီး မြို့ပေါ်ကျောင်းတွေ စဖွင့်ပါပြီ။ ကျောက်တော်မှာတော့ ရ ကျောင်းဖွင့်ပါပြီ။ သုံးမြို့နယ်မှာ ပိတ်ထားရပါတယ်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားပါ”ဟု ၎င်းက ဆိုသည်။

လာမည့် အပတ် တနင်္လာနေ့ (သြဂုတ်လ ၁၀) ရက်မှာ ပိတ်ထားရသော စာသင်ကျောင်းအားလုံးကို ပြန်ဖွင့်မည်ဖြစ်ပြီး စာသင်ကြားလို့ မရသော ပျက်စီးသွားသည့် စာသင်ကျောင်းရှိ ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်းနှင့် ယာယီအဆောက်အုံဆောက်ပြီး သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဦးလှစိန်ထွန်းက ဆိုသည်။

“တချို့ကျောင်းတွေ မပျက်စီးပေမယ့် ရေလွှမ်းမိုးဒဏ်ကြောင့် ရွှံ့တွေ၊ ဗွက်တွေ တင်ကျန်ခဲ့ပါတယ်။ ကျောင်းတက်လို့ မရအောင်ထိ ဘွတ်တွေ နှစ်တောင်လောက်ကို ရှိနေတာ။ ဒါကြောင့် မဖွင့်နိုင်ဘူး။ စာသင်လို့မရဘူး။ ပြီးတော့ ခေါင်မိုးလန်သွားတဲ့ စာသင်ကျောင်းတွေ၊ ကျောင်းနံရံတွေ ပျက်စီးသွား တာတွေ များပါတယ်။ လုံးဝ အဆောက်အအုံ ပျက်စီးသွားတဲ့ ကျောင်းတွေလည်း ရှိပါတယ်”ဟု ပြော သည်။

ယင်းရေလွှမ်းမိုးမှုကြောင့် စာသင်ကျောင်း ၆၀၀ ကျော် ပျက်စီးသွားသည့်အထဲက ပြုပြင်ရမည့် စာသင်ကျောင်းနှင့် အသစ်ဆောက်လုပ်ရမည့် စာသင်ကျေင်းတို့ ဆုံးရှုံးတန်ဖိုးမှာ သန်းတစ်ထောင် ကျော်ရှိကြောင်း၊ ယင်းကြောင့် စာသင်ကျေင်းများ ပြန်လည်ပြုပြန်နိုင်ရန်နှင့် အသစ်ဆောင်လုပ်နိုင်ရန် အဆိုပါဆုံးရှုံးမှုတန်ဖိုးကို ရခိုင်ပြည်နယ် အစိုးရအပါအဝင် နိုင်ငံတော် သမ္မတဆီထံလည်း တင်ပြ ထားပြီး ယင်းငွေကို အစိုးရက ပြန်ချပေးမည်ဟုလည်း ထင်မိကြောင်း ဦးလှစိန်ထွန်းက ဆိုသည်။

“နယ်မှာရှိတဲ့ ကျောင်းသားတွေက အသက်လုပြီး ပြေးကြရတဲ့အခါ သူတို့စာအုပ်တွေလည်း ပျောက်သွားတယ်။ ဆုံးရှုံးလားပေါ့ အဲဒီပုံနှိပ်စာအုပ်တွေကိုလည်း ပြန်ဖြည့်ဖို့အတွက် ပညာရေး ဝန်ကြီးဌာနကို တင်ပြတောင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အစိုးရစာအုပ်ဆိုင် ၈ ဆိုင်ရှိပါ တယ်။ ကျောက်တော်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ စစ်တွေ စတဲ့ ၈ ဆိုင်ရှိပါ တယ်။ အဲဒီကနေ လက်ကျန်တွေကို ဖြန့်ဝေပေးပါမယ်။ မလောက်ဘူးဆိုရင် ပညာရေးဝန်ကြီးဌာနက ထပ်တောင်းပါမယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှာ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော စာသင်ကျောင်းနှင့် ပိတ်ထားရသော စာသင်ကျောင်းများ ရှိသော်လည်း တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသားများအတွက် အချိန်ရှိသည့် အတွက်ကြောင့် စာမေးပွဲကို ထိခိုက်နိုင်မှာ မဟုတ်ကြောင်း ဦးလှစိန်ထွန်းက ပြောကြားခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...