မိုးသည်းထန်စွာ ရွာသွန်းကာ မြေပြိုမှုကြောင့် ချင်းပြည်နယ်၏ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံး ဟုဆို

မိုးသည်းထန်စွာ ရွာသွန်းကာ မြေပြိုမှုကြောင့် ချင်းပြည်နယ်၏ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံး ဟုဆို
by -
မဇ္ဈိမ
ချင်းပြည်နယ်တွင် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၃ ရက် အထိ ၁၁ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ကာ ပြည်နယ်၏  ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ‘‘သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ချင်းကော်မတီ’’ (CCERR)မှ အဖွဲ့ဝင်(ဘဏ္ဍာရေး)ဖြစ်သည့် ဆလိုင်းကျံုးလျန်ထောင်းက ဇူလိုင် ၅ ရက်က ပြောသည်။

ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်တွင် ပြုလုပ်သည့် ‘လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ် သင့်ရောက်မှုများနှင့် ပတ်သက်၍ ချင်းအဖွဲ့အစည်းများ၏ သတင်းစာရှင်းလင်းပွဲ’တွင် ပြောခဲ့ခြင်း ဖြစ်သည်။

ဆလိုင်း ကျံုးလျန်ထောင်းက “ဒါက လက်ရှိတောင်ပေါ်မှာ ရှိနေတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ရေး ရနေတဲ့ ကျေးရွာဒေသခံတွေဆီက ရလာတဲ့ အချက်အလက်တွေကို စုပေါင်းပြောတာ ဖြစ်တယ်။ ဆက်သွယ်မှု မရသေးတဲ့ ကျေးလက်ဒေသတွေ ရှိပါသေးတယ်။ ဒါဟာ လောလောဆယ် အကြမ်းဖျင်း ကောက်ချက်လို့ ပြောရမယ်။ ပျက်စီးမှုက ဒီထက် ပိုကောင်းပိုနိုင်တယ်”ဟု ဆိုသည်။

(CCERR)ကို ချင်းပြည်နယ်၌ လတ်တလောကြံုတွေ့နေရသည့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးမည့် အင်န်ဂျီအိုအဖွဲ့အစည်းများနှင့် အစိုးရဘက်မှ အကူအညီများပေးရာတွင်  ပေါင်းစပ်ညှိနှိုင်းရန် ရည်ရွယ်၍ ချင်းနိုင်ငံရေးပါတီများ နှင့် ချင်းလူမှုရေး အဖွဲ့များ စုစုပေါင်း အဖွဲ့အစည်း၂၀ ကျော်ဖြင့် သြဂုတ် ၁ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယင်းကော်မတီက သြဂုတ် ၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးသို့ ချင်းပြည်နယ် သဘာဝ ဘေးဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး အကူအညီများ အမြန်ဆုံးပို့ပေးနို်င်ရေး စီစဉ်ဆောင်ရွက်ပေးနို်င်ပါရန် တောင်းဆိုထားပြီး ချင်းပြည်နယ် သဘာဝဘေးအတွက် ကုန်းလမ်းခရီး များ ပြတ်တောက်နေ၍ ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေးအတွက် ရဟတ်ယာဉ် အကူအညီ ရရှိရန်လည်း  သြဂုတ် ၅ ရက်က နေပြည်တော်ရှိ အစိုးရဌာနများနှင့် ဆက်သွယ်ကာ ညှိနှိုင်းဆောင်ရွက်နေသည်ဟုလည်း ဆလိုင်း ကျံုးလျန်ထောင်းက ဆိုသည်။

ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာဆလိုင်းရွှေခါးရ်က “ခုလိုမြေပြိုတဲ့ အန္တရာယ် ကျရောက်ရတာက သဘာဝက မိုးရွာသွန်းမှုများတာ ပါသလို လူလုပ်တဲ့ တောင်ယာခုတ်တာတွေ၊ စစ်ဆေးမှု သေချာ မလုပ်ဘဲ သက်နုတောင်တွေကို လမ်းဖောက်တာတွေကြောင့်လည်း ပါတယ်” ဟုဆိုသည်။

ချင်းပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ပျက်စီးရမှုသည် အခြားသော ပြည်နယ်များနှင့် မတူဘဲ မြေပြိုကျမှုပါ တစ်ဆက်တည်းပါနေ၍ သွားလာရန် လမ်းများ ပြတ်တောက်သွားခြင်းက အကူအညီ ရရှိရေး ပိုမိုခက်ခဲနေစေပြီး ပြန်လည်ထူထောင်နို်င်ရေးသည် အကြီးဆုံး စိန်ခေါ်မှုဖြစ်နေသည်ဟုလည်း ဒေါက်တာ ဆလိုင်းရွှေခါးရ်က ဆိုသည်။

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူရမည့် အနေအထားဖြစ်သည်ဟုလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးစိုးအောင်က  မဇ္ဈိမကို ပြောထားသည်။

လက်ရှိတွင် ချင်းပြည်နယ်၌ ဟားခါးမြို့နယ်မှာ မြေပြိုမှုအန္တရာယ်ကို အဆိုးဆုံးခံစားနေရပြီး ပလက်ဝ နှင့် မတူပီမြို့များမှာ ဒုတိယအဆိုးဆုံးဖြစ်ကာ ဖလမ်းနှင့် တီးတိန်မြို့များသည်လည်း မြေပြိုသည့်အထဲ ပါဝင်နေသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...