ရေဘေးအတွက် အစိုးရလုပ်ဆောင်ရန် များစွာကျန်နေသေးဟု ဦးခင်အောင်မြင့်ပြော

ရေဘေးအတွက် အစိုးရလုပ်ဆောင်ရန် များစွာကျန်နေသေးဟု ဦးခင်အောင်မြင့်ပြော
by -
မဇ္ဈိမ
နိုင်ငံတဝှမ်းတွင် လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအခြေအနေမှာ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့အနေဖြင့် ဆောက်ရွက်နိုင် စွမ်းမရှိသည့်အတွက် အစိုးရအနေဖြင့် လုပ်ဆောင်စရာများစွာ ကျန်နေသေးသည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်သည်။

ဦးခင်အောင်မြင့်က “ဒီလုပ်ငန်းကအများကြီလုပ်ဖို့ ကျန်ပါသေးတယ်။ ရေကောင်းရေသန့်ရရှိဖို့၊ စားနပ်ရိက္ခာရရှိဖို့၊ အဆောက်အဦတွေပြင်ဆင်ဖို့၊ လမ်းတံတားပျက်စီးမှုတွေ ပြန်လည်ထူထောင်ဖို့၊ လျှပ်စစ်မီးဆက်သွယ်ရေးကိစ္စတွေလုပ်ဖို့ အများကြီးလုပ်ဖို့ရှိတာကြောင့် တော်တော်နဲ့ပြီးဦးမှာ မဟုတ်ပါဘူး”ဟု ပြောသည်။

နိုင်ငံတစ်ဝှမ်းရှိ ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခ ခံစားနေကြရသည့် ပြည်သူများအတွက် အမျိုးသားလွှတ်တော်က ငွေကျပ် သိန်းနှစ်ရာကျော်(၂၃,၁၅၀,၀၀၀)အပါအဝင် ဆန်အိတ် ၆၈အိတ်နှင့် ခေါက်ဆွဲခြောက် ၆၈ပါကင် ဩဂုတ် ၅ရက်က လှူဒါန်းစဉ် ဦးခင်အောင်မြင့်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်၏ လှူဒါန်းမှုမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တစ်ဆင့် လှူဒါန်းခြင်းဖြစ်သည်။

နေရာဒေသတစ်ခုကိုသာ သွားရောက်လှူဒါန်းမည်ဆိုပါက အကျိုးသက်ရောက်မှုမရှိသည့်အပြင် နိုင်ငံရေးအရ လူလုံးပြမှုဖြစ်နိုင်သောကြောင့် ဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

ဦးခင်အောင်မြင့်က “ဖြစ်ပျက်နေတဲ့အနေအထားတွေ သတင်းတွေဖတ်ရတာ စိတ်ဆင်းရဲကြီးစွာဖြစ်ဖို့၊ စိတ်မသက်မသာဖြစ်ဖို့ အခြေအနေတွေ၊ ပြေးစရာမြေမရှိတဲ့အခြေအနေတွေ၊ စားစရာမရှိ၊ သောက်စရာ ရေမရှိ၊ နွေးနွေးထွေးထွေးခိုလုံစရာလည်းမရှိ အဝတ်အစားတွေလည်း မရှိကြတဲ့ အနေအထားတွေ အများကြီးဖြစ်နေတာဟာ တော်တော်လေးဆိုးပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် တိုင်းနှင့်ပြည်နယ် ၁၄ခုအနက် ၁၂ခုတွင် ရေကြီးမှုဘေးအန္တရာယ်နှင့် ကြံုတွေ့နေကြခြင်း ဖြစ်ပြီး ပြန်လည်ထူထောင်ရေးကာလမှာလည်း ရှည်ကြာဦးမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖုန်းဆွေက ပြောသည်။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးဖုန်းဆွေက “ကျွန်တော်တို့အနေနဲ့လည်း အုပ်ချုပ်မှုပုံစံအပေါ်မှာမူတည်ပြီးတော့ အဆင့်ဆင့် လုပ်နေရတာမျိုးလည်း ဖြစ်ပေါ်နေပါတယ်” ဟု ဆိုသည်။

အမျိုးသားလွှတ်တော်၏ လှူဒါန်းငွေစုစုပေါင်းအနက် ငွေကျပ် ၈၄သိန်း၊ ဆန်အိတ် ၆၈အိတ်နှင့် ခေါက်ဆွဲခြောက် ၆၈ပါကင်မှာ အမျိုးသားလွှတ်တော်မှ တပ်မတော်သားအမတ်တို့၏ လှူဒါန်းမှုဖြစ်သည်။

နိုင်ငံအဝှမ်း ရေကြီးရေလျှံမှု ဘေးအန္တရာယ်များအပေါ် အကူအညီပေးရန်လည်း မြန်မာအစိုးရက နိုင်ငံတကာကို တောင်းဆိုထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...