ရေဘေးသင့်ပြည်သူများကို အချိန်အတိုင်းအတာတခုထိ ဆန်ထောက်ပံ့မည်ဟု သမ္မတပြော

ရေဘေးသင့်ပြည်သူများကို အချိန်အတိုင်းအတာတခုထိ ဆန်ထောက်ပံ့မည်ဟု သမ္မတပြော
by -
မဇ္ဈိမ
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခခံစားနေရသည့် ပြည်သူများအတွက် အစိုးရက ဆန် နှင့် ထောက်ပံ့ငွေအချို့ ပေးအပ်ထားပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ဆန်ထောက်ပံ့ပေးမည်ဟု သမ္မတ ဦးသိန်းစိန်က သြဂုတ် ၆ရက်တွင် သူက လစဉ် ရေဒီယို မိန့်ခွန်း၌ ပြောကြားခဲ့သည်။

"အချို့ရေဘေးသင့်သူများ မိမိတို့ ရပ်ကွက်၊ ကျေးရွာများသို့ပြန်ပြီး နေအိမ်များကို ပြန်လည်ပြုပြင် နေကြပြီ ဖြစ်ပါတယ်။ ၎င်းတို့အတွက် ယာယီစားသုံးနိုင်ရန် ဆန်နှင့် ထောက်ပံ့ငွေ အချို့ကိုလည်း ပေးလိုက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ဆန်များ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပြောသည်။

ရေဘေးဒုက္ခ ကြံုနေရသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မူလအခြေအနေအထိ ရောက်ရှိစေရန် နိုင်ငံတော် အပိုင်းက ငွေအား၊ လူအား၊ ပစ္စည်းအားဖြင့် စီမံဆောင်ရွက်ရန် အသင့်ပြင်ဆင်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။

ဇွန်လမှ စတင်ကာ ယနေ့အချိန်ထိ မြန်မာနိုင်ငံတစ်ဝှမ်း မိုးကြီးကာ ရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားလျက်ရှိပြီး မိုးကောင်းမြို့နယ်၊ ကောလင်း၊ ဝန်းသိုမြို့နယ်၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်ရှိ မြို့နယ်အများစု၊ ရခိုင်ပြည်နယ်မှ မြို့နယ်အများစုတို့နဲ့ မကွေးတိုင်းဒေသကြီးမှ ပွင့်ဖြူနှင့် စလင်းမြို့နယ်များသည် ထိခိုက်မှု အများဆုံးဖြစ်ခဲ့သည်။

ယနေ့အချိန်ထိ တစ်နိုင်ငံလုံး ရေဘေးကြောင့် အိမ်ထောင်စုပေါင်း နှစ်သိန်းသုံးသောင်း ခုနှစ်ထောင်ကျော် ရေဘေးဒုက္ခ ခံစားနေရသည်ဟု သမ္မတ၏ မိန့်ခွန်းတွင် ပါရှိသည်။

ယင်းသို့ ရေဘေးဒုက္ခခံစားနေရသူများကို ကူညီစောင့်ရှောက်ပေးနေသည့် အပြည်ပြည်ဆိုင်ရာ သံရုံးများ၊ NGO အဖွဲ့များ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများ၊ မြို့အကျိုးဆောင်အဖွဲ့များ၊ စည်ပင်သာယာအဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်၊ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်းများကိုလည်း ကျေးဇူးတင်ကြောင်း သမ္မတက ထည့်သွင်းပြောကြားထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...