ချင်းပြည်နယ် ဟားခါးတွင် မြေပြို၍ လူနေအိမ်များ ပျက်စီးသွားသောကြောင့်ပြန်လည် ထူထောင်ရေးလုပ်ရာတွင် အချိန်ပေးရမည်

ချင်းပြည်နယ် ဟားခါးတွင် မြေပြို၍ လူနေအိမ်များ ပျက်စီးသွားသောကြောင့်ပြန်လည် ထူထောင်ရေးလုပ်ရာတွင် အချိန်ပေးရမည်
by -
မဇ္ဈိမ
ချင်းပြည်နယ် ဟားခါးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို၍ လူနေအိမ်များ ပျက်ဆီးသွား သဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်  အချိန်ပေးရမည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားပေးရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးစိုးအောင်က ပြောသည်။

၎င်းက “ပြန်လည် ထူထောင်ရေးကတော့ လုပ်စရာတွေက အများကြီးဘဲ။ ဟားခါးဆိုရင် မြေက တွန်းချသလိုဖြစ်တော့ ရွှေ့ကို ရွှေ့ရမဲ့ အနေအထားမျိုး ဖြစ်တယ်။ ရွှေ့တဲ့အခါမှာလဲ နောက်တကြိမ် အိမ်ယာတွေ ပြန်ထူထောင်ပေးဖို့အတွက် သက်ဆိုင်ရာ ဘူမိ ပညာရှင်တွေနဲ့ ကျွန်တော်တို့က စမ်းသပ်ပြီးတော့ မြေရဲ့ ကြံ့ခိုင်မှုတွေစစ်၊ ပတ်ဝန်းကျင် သဘောဝ ပတ်ဝန်းကျင်ရဲ့ အနေအထားတွေ အကုန်လုံး စမ်းစစ်ကြည့်တော့မှ ပြန်ပြီးတော့ ထူထောင်ပေးရမှာဖြစ်တယ်”ဟု  မဇ္စျိမကို ပြောသည်။

လက်ရှိအချိန်တွင် မိုးရွာသွန်းမှု လျော့နည်းသွားပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး မကောင်းသေးသဖြင့် စားနပ်ရိက္ခာများ ထပ်မံ ထောက်ပံ့ပေးရန် စီစဉ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ဦးစိုးအောင်က  “လမ်းပန်းဆက်သွယ်ရေးက ဖလမ်းထိ ကားပေါက်ပြီ။  အိန္ဒိယဘက်ကလည်း ဆန်နဲ့ ဆေးဝါးတွေကို ဟားခါးဘက်ကို ကူညီဖို့ ထောက်ပံ့ပေးဖို့လည်း စီမံနေကြတယ်”ဟု ပြောသည်။  

ဟားခါးမြို့ပေါ်တွင် လူနေအိမ်ပေါင်း ၂၅၀ ပြိုကျခဲ့ပြီး ပြောင်းရွှေ့ရသည် ဒုက္ခသည် လူဦးရေ ၄၀၀၀ နီးပါး ရှိနေပြီဟု ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဦးစီးဌာန ထုတ်ပြန်ထားသည်။

သို့သော် ဟားခါးမြို့တွင် နေအိမ်ပေါင်း ၁၀၀၀ ကျော် ပြိုကျ ပျက်ဆီးခဲ့ကာ ဒုက္ခသည်ပေါင်း ၈၀၀၀ ကျော် ရှိသဖြင့် ဒုက္ခသည်စခန်း ၁၂ လုံး ဖွင့်လှစ်ထားပေးပြီး အိမ်မပြိုသော မြို့ခံများကလည်း ထပ်မံ ပြိုကျ လာမည်ကို စိုးရိမ်သဖြင့် ဒုက္ခသည် စခန်းများတွင်သာ သွားရောက် ခိုလှုံနေကြရသည်ဟု ဟားခါးမြို့ရှိ ရုင်းတောင်ကယ်ဆယ်ရေးကော်မတီက ဥက္ကဌ ဦးပါးကပ်က ပြောသည်။

ထို့အပြင် ဟားခါးမြို့မှ ၈ မိုင်ခန့် အကွာအဝေးရှိ ခွာဘဲကျေးရွာ၊ ဒရူတဲရွာညနှစ်ရွာလုံး မြေပြို၍ နေအိမ်များ ပျက်ဆီးသွားသဖြင့် စုစုပေါင်း အိမ်ခြေ ၄၀ ခန့်က ရေဘေး ဒုက္ခသည်စခန်းတွင်သာ ခိုလှုံနေရသည် ဟုလည်း ၄င်းက ပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် သြဂုတ်လ ၅ ရက်တွင် ရာသီဥတု ကောင်းမွန်နေသော်လည်း ကားလမ်းများ သွားလာ နိုင်ခြင်း မရှိသေးသဖြင့် ယခုထိ အကူအညီများ မလုံလောက်ဘဲ လာမည့် ရက်များတွင် စားနပ်ရိက္ခာ ပြတ်လတ်တော့မည့် အခြေအနေတွင် ရှိနေသည်ဟု ဦးပါးကပ်က ပြောသည်။

၎င်းက  “အစိုးရ လှူတဲ့ဆန်တွေက အစိုးရလက်ထဲမှာဘဲရှိတော့ တနေ့မှ အကန့်အသတ်နဲ့ ပေးတယ်။ မလုံလောက်ဘူး ဖြစ်နေတယ်။ အခုလိုနေတာက တစ်မြို့လုံးလိုလို ဆန်က ငတ်နေပြီပေါ့နော်။ လိုအပ်ချက်ဆန်နဲ့ စားစရာတွေပေါ့။ ရေက သိပ်အခက်အခဲ မရှိဘူး။ ကြိုချက်ပြီး သောက်ကြတယ်။ ကျွန်တော်တို့ အခက်အခဲက ဒီအတိုင်းဘဲ ဆိုရင်တော့ မနက်ဖြန် သဖက်ခါဆိုရင်တော့ အကုန်လုံး မြို့ထဲကလူတွေ ငတ်ပြတ်ပြီးမှ တော်တော်လေး ဒုက္ခမှာဖြစ်တယ်”ဟု  ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အစိုးရက ဆန်အိတ် ၅၀၀ နှင့် အစားအစာများ ထောက်ပံ့ပေးသော်လည်း လုံလောက်မှု မရှိသဖြင့် အဓိက ဆန် အရေးပေါ်လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၂၄ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြို၍ လူနေအိမ်ခြေများ ထောင်ချီဖျက်ဆီးခဲ့သလို၊ ဟားခါးမြို့သို့ သွားသော ကားလမ်းများလည်း ပျက်ဆီးသွားသဖြင့် လမ်းပန်းဆက်သွယ်ရေး များပြတ်တောက်နေသည်မှာ ရက်သတ္တပတ်ခန့်ရှိတော့မည် ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...